စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သီးဘွာလ်တိုက်နယ်ဆေးရုံ ပျက်စီး

စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သီးဘွာလ်တိုက်နယ်ဆေးရုံ ပျက်စီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ကျေးရွာတချို့ကို ယမန်နေ့ညက စစ်ကော်မရှင်က လေကြောင်း တိုက်ခိုက်မှုများအတွင်း သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးမှု ကြီးမားသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၁ ရက် ည ၉ နာရီခွဲခန့်တွင် ဖလမ်းမြို့နယ်ထဲရှိ သီးဘွာလ်ကျေးရွာနှင့် Sim Dihai ရွာတို့ကို စစ်ကော်မရှင်သည် လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားသည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက‌ ပြောသည်။

“မနေ့ညက ၉ နာရီခွဲလောက်မှာ သီးဘွာလ်နဲ့ အဲဒီရွာတစ်ရွာကို အပစ်ခံရတာဖြစ်ပါတယ်။ ရွာတစ်ရွာကတော့ Sim Dihai ရွာလို့ ပြောပါတယ်။ အဲဒီရွာမှာလည်း ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ သီးဘွာလ်ဆေးရုံကတော့ အကုန်လုံးပျက်စီးသွားတယ်။ အနီးအနားမှာရှိတဲ့ အိမ်တွေလည်း ပျက်စီးသွားလည်း ရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သတင်းရပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်က သီးဘွာလ် (Tibual) တိုက်နယ်ဆေးရုံကို သိန်းငါးထောင် ဘတ်ဂျတ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညက စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင်း အားလုံးနီးပါး တိုက်ခိုက်ပျက်စီးသွားသည်ဟု သိရသည်။

“ဆေးရုံကတော့ ပင်မဆောင်၊ လူနာအိပ်ဆောင် တစ်ဆောင်နဲ့ ဆရာဝန်နေတဲ့ အိမ်ရယ်ပေါ့။ အဲဒီ ဗုံး ၂ လုံးကျတဲ့ နေရာက လူနာအိပ်ဆောင်ရယ်၊ ဆရာဝန်နေတဲ့ အိမ်ရယ်၊ ဓါတ်ခွဲခန်းလို့ ပုံစံဖြစ်မယ်။ အဲဒါ ပျက်စီးတယ်။ လူနေ အိမ်ကတော့ ကြီးကြီးမာမား ပျက်တာက ၁ လုံးပဲ၊ ကျန်တာက အိမ် ၃ လုံးလောက်တော့ အပေါ်ဘက်မှာ နည်းနည်း ပါးပါး ပျက်တာ ရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သီးဘွာလ်ကျေးရွာသည် အိန္ဒိယ- မြန်မာနယ်စပ်နှင့် ဖလမ်းမြို့အကြား အလယ်ဗဟိုခန့်တွင် တည်ရှိပြီး ဖလမ်းမြို့မှ မိုင် ၄၀ ခန့်အကွာမှ တိုက်နယ်ကျေးရွာဖြစ်သည်။

၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်မှ စတင်၍ သီးဘွာလ်ကျေးရွာရှိ စစ်ကော်မရှင်တပ်စခန်းနှင့် ရဲကင်စခန်းတို့ကို CNO/ CNDF နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားသည်။

ချင်းတော်လှန်ရေး ပူးပေါင်းတပ်၏ ဖလမ်းမြို့သိမ်းတိုက်ပွဲကာလတွင်လည်း ဖလမ်းမြို့နယ် ပြည်သူ့ဆေးရုံးကြီး၊ Lumte တိုက်နယ်ဆေးရုံနှင့် Khuanglung တိုက်နယ်ဆေးရုံတို့ကို စစ်ကော်မရှင်က ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်များသည် ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းမှတဆင့် ဖလမ်းမြို့ကို ဦးတည်၍ စစ်ကြောင်းထိုး တိုက်ခိုက် နေသည်မှာ နှစ်လကျော် ရှိလာပြီး ချင်းပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာ ၃ ရွာက လူငယ်အမျိုးသား၊ အမျိုးသမီး ၄၀...
June 5, 2026
မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ (၁) ရက်နေ့ကစ၍ စစ်အစိုးရက အခြေခံပ ညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး...
June 4, 2026
အာဏာသိမ်းစစ်တပ်သည် မင်းတပ်မြို့နယ်ကို ဖြတ်လေးဖြတ် ပြုလုပ်ပြီး ထိုးစစ်ဆင်လာသည့်အတွက်...
June 3, 2026
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ - မြန်မာ -...