နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍မရနိုင်ကြောင်း စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေ သမ္မတနိုင်ငံထူထောင်မှုနှင့်ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။
မြန်မာအစိုးရယန္တရား ပြိုကွဲပျက်စီးနေပြီဖြစ်သောကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်ကိုအခြေခံ၍ ကော်သူးလေသမ္မတနိုင်ငံသစ် တည်ထောင်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က ကော်သူးလေအာမီ-KTLA မှ ကျင်းပသည့် ကရင်အမျိုးသားလွတ်လပ်ရေးနေ့ အခမ်းအနားတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြက ကြေညာသွားခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်မှုကြောင့် ကေအဲန်ယူမှထုတ်ပယ်ခံရသည့် KTLA ခေါင်းဆောင် စောနယ်ဒါးမြဦးဆောင်သောအဖွဲ့က ကော်သူးလေသမ္မတနိုင်ငံထောင်ခြင်းမှာ ကေအဲန်ယူကို ကိုယ်စားမပြုသလို ထိန်းချုပ်နယ်မြေ၊ အုပ်ချုပ်ရေးစနစ်နှင့်ပြည်သူမရှိဘဲနှင့်လည်း နိုင်ငံတည်ဆောက်မရနိုင်ကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။
“ဘယ်နယ်မြေထိန်းချုပ်မှုမှမရှိဘဲ လေထဲမှာအစိုးရတည်ဆောက်လို့မရဘူး။ နယ်မြေ၊ အုပ်ချုပ်ရေးစနစ် ဘာတစ်ခုမှမှရှိ၊ လူထုကြားလည်းမရှိတဲ့ ပြင်ပရောက်ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့ဟာက ကျနော်တို့နဲ့တော့မပတ်သက်ဘူးပေါ့။ ကျနော်တို့ ခရိုင်ခုနှစ်ခုမှာ သူတို့လွှမ်းမိုး၊ ကိုယ်စားပြုမှုမရှိသလို၊ လူထုကလည်း သူ့ထိန်းကျောင်းမှုအောက်မှာမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရပြီးသားပါ” ဟု ပဒိုစောတောနီးက ပြောသည်။

KTLA ၏လုပ်ရပ်သည် ကရင့်အမျိုးသားတော်လှန်ရေးမှ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း တစ်ပြည်လုံးတော်လှန်ရေးဖြင့် စစ်မှန်သောဒီမိုကရေစီရရှိရန် တိုင်းရင်းသား၊ တော်လှန်ပြည် သူများနှင့်အတူတကွ ကြိုးပမ်းဖော်ဆောင်နေရသည့် လက်ရှိကာလ၌ နားလည်မှုလွဲမှားခြင်းနှင့် အရှုပ်အထွေးဖြစ်စေနိုင်ကြောင်းလည်း ကေအဲန်ယူပြောခွင့်ရသူက ဆိုသည်။
အရပ်သား(၂၅)ဦး အသတ်ခံရမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကေအဲန်ယူမှ ထုတ်ပယ်ခံလိုက်ရသည့် စောနယ်ဒါးမြက ထိုနှစ် ဇူလိုင်(၁၆)ရက်နေ့တွင် KTLA ကို တည်ထောင်ခဲ့သည်။ ထို့နောက် တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကော်သူးလေအစိုးရ-G.O.K ကို ဖွဲ့စည်းပြီးနောက် သမ္မတနိုင်ငံအဖြစ် ယခုလို တိုးမြှင့်ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။
ကော်သူးလေသမ္မတနိုင်ငံ၏အစိုးရအဖွဲ့တွင် KTLA ခေါင်းဆောင် စောနယ်ဒါးမြက သမ္မတတာဝန် ယူထားသည်။
ထို့အပြင် ဒုသမ္မတ (၁)နှင့်နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ(၂)အဖြစ် စောဒေးဗစ်သာကပေါ်နှင့် ဝန်ကြီးချုပ်အဖြစ် စောဖိုးသူးလေးနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် စောဒေးဗစ်လောဒူး တို့ကတာဝန်ယူထားကြောင်းလည်း G.O.K ၏ထုတ်ပြန်ချက်အရသိရသည်။
KTLA ဖွဲ့ပြီးနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေများ၌ ၎င်းလက်အောက်ခံတပ်များနှင့်နှစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် ကရင်လူထုကြား စိုးရိမ်ပူပန်မှုများပြားလျက်ရှိသည်။ ယခုကော်သူး လေအမည်ခံပြီး သမ္မတနိုင်ငံတည်ထောင်သည့်ကိစ္စတွင်လည်း ကရင်အပါအဝင် ပြည်သူလူထုကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက “သူတို့ဖွဲ့စည်းမှုက ရှိနေတဲ့ ကရင်အစုအဖွဲ့တွေကြားမှာ အားလုံးညှိနှိုင်းတိုင်ပင်မှုက ဘုံသဘောတူညီချက်ရပြီး လိုလိုလား လားကြေညာတာမျိုးတော့ဟုတ်မနေဘူး။ တစ်စုတစ်ဖွဲ့တည်းကနေ ကြေညာလိုက်တဲ့ဟာက နိုင်ငံရေးအရအသာစီးရလိုမှုလည်း ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။
နိုင်ငံတည်ထောင်ကြေညာချက်နှင့်အတူ ဇန်နဝါရီလ(၅)ရက်နေ့က ထိုင်း-မြန်မာနယ်စပ် KTLA လှုပ်ရှားသည့်နယ်မြေတွင်ကျင်းပသော အခမ်းအနားအတွင်း စစ်သုံပန်းများအား လူသားချင်း စာနာထောက်ထားမှု နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသည်ဟုဆိုကာ ဖမ်းဆီးထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၅)ဦးကိုလည်း KTLA က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြသည် ကေအဲန်ယူ၏ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏သားဖြစ်သလို ကေအဲန်ယူမှထုတ်ပယ်မခံရစဥ်ကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။







