မုဒုံ ကတုံးပေါ်ရွာ မီးလောင်မှု နေအိမ် ၆၀ ထက်မနည်း ပျက်စီး

မုဒုံ ကတုံးပေါ်ရွာ မီးလောင်မှု နေအိမ် ၆၀ ထက်မနည်း ပျက်စီး
မုဒုံမြို့နယ် ကတုံးပေါ်ရွာ မီးလောင်မှုအတွင်း ပျက်စီးသွားသည့် နေအိမ်များ။ ကတုံးပေါ်ရွာ၌ ဇန်နဝါရီလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မုဒုံမြို့နယ် ကတုံးပေါ်ရွာ မီးလောင်မှုအတွင်း ပျက်စီးသွားသည့် နေအိမ်များ။ ကတုံးပေါ်ရွာ၌ ဇန်နဝါရီလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကတုံးပေါ်ရွာ၌ ယနေ့ (ဇန်နဝါရီလ ၈ ရက်) မီးလောင်မှုဖြစ်ပွားရာ နေအိမ် အလုံး ၆၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကတုံးပေါ်ရွာ မြောက်ပိုင်း၌ ယနေ့ (ဇန်နဝါရီလ ၈ ရက်) နံနက် ၁၁ နာရီကျော်ကစ၍ မီးလောင်ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနနှင့် လူမှုကူညီရေးအသင်းများ၊ ဒေသခံများ ဝိုင်းဝန်းမီးငြှိမ်းသတ်ရာမှ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“ စလောင်တဲ့အိမ်ကတော့ ရေနွေးအိုးတည်ထားတယ်ကြားတယ်။ ကျွန်တော်တို့ဘက်တွေကျတော့ မီးဖိုကို အိမ်ပေါ်မှာ လုပ်ထားတယ်လေ။ ထင်းမီးတွေ ဘာတွေကျတော့။ သူလည်း မီးသေပြီထင်ပြီး ဒီတိုင်းတည်ပြီးတော့ အပြင်သွားတဲ့အချိန် မီးစလောင်တယ်လို့တော့ ကြားတယ်၊ ဟုတ်လားမဟုတ်လားတော့ မသိရသေးဘူး” ဟု ကတုံးပေါ်ရွာခံတဦးက ပြောသည်။

မီးလောင်မှုအတွင်း အရပ်သားနေအိမ် ၆၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောသည်။ ထို့အပြင် လသားအရွယ် ကလေးတဦး မီးလောင်မှုအတွင်း သေဆုံးကြောင်း ဒေသခံက ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ကတုံးပေါ်ရွာသည် သံလွင်မြစ်ကမ်းအနီး၌ တည်ရှိသည့် ရွာဖြစ်ပြီး ကတုံးပေါ်ရွာ၌ ရာဇာမင်းကုမ္ပဏီကပိုင်သည့် Puma International Port Terminal ဆီသိုလှောင်ကန်များ ရှိသည်။

“မီးလောင်တဲ့နေရာနဲ့ ဆီသိုလှောင်တဲ့နေရာနဲ့ကတော့ အဝေးကြီးပါ။ ဆီသိုလှောင်တာက ရွာထိပ်ဘက်မှာ။ အခုမီးလောင်တာက ရွာမြောက်ဘက်ခြမ်းမှာဆိုတော့လေ၊ တောင်နဲ့မြောက်ပဲ အဝေးကြီးပါ” ဟု ကတုံးပေါ်ရွာခံ လူငယ်တဦးက ပြောသည်။

ထို ရာဇာမင်းပိုင် ဆီသိုလှောင်ကန်များမှတဆင့် မွန်ပြည်နယ် တခုလုံးအား စက်သုံးဆီ ဖြန့်ဖြူးခြင်းဖြစ်ပြီး ထို ဆီထုတ်ရာနေရာ၌ ကြန့်ကြာမှုများကြောင့် မွန်ပြည်နယ်မြို့တော် မော်လမြိုင်အပါအဝင် မြို့တော်တော်များများတွင် ဆီပြတ်လပ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - မုဒုံမြို့နယ် ကတုံးပေါ်ရွာ မီးလောင်မှုအတွင်း ပျက်စီးသွားသည့် နေအိမ်များ။ ကတုံးပေါ်ရွာ၌ ဇန်နဝါရီလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

Most read this week

September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...