ကျောက်ဖြူ စစ်ဘေးရှောင် သောင်းနှင့်ချီ အကူအညီ လိုအပ်နေ

ကျောက်ဖြူ စစ်ဘေးရှောင် သောင်းနှင့်ချီ အကူအညီ လိုအပ်နေ
ကျောက်ဖြူစစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PYA
ကျောက်ဖြူစစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PYA

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၅ သောင်းကျော် ရှိနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် အခြား မြို့ရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် တောတောင်၊ လယ်ကွင်းပြင်တို့တွင် နေထိုင်ကြပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း ပြောဆိုကြသည်။

“ လက်ရှိ ကျောက်ဖြူဖက်က စစ်ဘေးရှောင်တွေက နေရာတွေတော့ စုလို့ မနေကြဘူး။ လမ်းပေါ်တွေမှာ အိမ်ဆောက်ပြီး နေကြပါတယ်” ဟု ကျောက်ဖြူ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်လက်၍ “ အလှူရှင်တွေက မကြာမကြာရောက်ကြပါတယ်။  ငွေပေးတဲ့သူတွေလည်း ရှိသလို အဝတ်အစား၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ် ပေးတာလည်း ရှိပါတယ်။ ဒါပေမဲ့ လူများတဲ့ အိမ်တွေမှာဆို အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပတ်လောက် စားပြီးရင် ကုန်ပြီ။ အခုက အရမ်းချမ်းလာတဲ့အတွက် စောင်တွေ၊ အဝတ်တွေ ပိုလိုအပ်လာပါတယ်”ဟု  အထက်ပါ အမျိုးသမီးက ပြောသည်။

လက်ရှိတွင် ရခိုင်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့က အရေးပေါ်လိုအပ်များကို ကူညီနေသော်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်းလည်း ဆိုသည်။

ယင်းအပြင် ပင်လယ်ကမ်းစပ်နားတွင် နေထိုင်သည့် စစ်ဘေးရှောင်အချို့မှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ကြိုးစားကြသော်လည်း စစ်ကောင်စီ နေဗီကြောင့် အလုပ်နားထားရကြောင်း သိရသည်။

 “ အခု လက်ရှိတော့ စစ်ဘေးရှောင်တွေက စားဝတ်နေရေး ခက်ခဲကြပါတယ်။ ပြေးလာကြတာ ဘာမှ မပါကြဘူး။ စစ်ကောင်စီက ရွာတွေကို ဗုံးလာကြဲတော့ မီးလောင်ပျက်စီးပြီး ဘာမှ မရဘဲ ပြေးလာကြတယ်။ လယ်လုပ်ကြတဲ့ စစ်ရှောင်တွေဆိုရင်လည်း မရိတ်သိမ်းရဘဲ ပြေးလာကြရတယ်။ တချို့ဆို စပါးကောက်လှိုင်းစည်းတွေကို နိုင်သလောက် ထမ်းယူပြီး ပြေးကြတယ်” ဟု နောက်ထပ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုသည်။

ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏  ရမ်းဗြဲမြို့နယ်လုံးဆိုင်ရာ   ကျောင်းသားသမဂ္ဂကော်မတီမှ ဦးဆောင်က ပြီးခဲ့သည့်ရက်ပိုင်းက ဆန်အိတ်ရေ(၂၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်များတွင် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးပိုင်းများဖြစ်သဖြင့် လက်ရှိ ဆောင်းရာသီ အအေးဒဏ်ကို ခုခံရန် အနွေးထည်များ အရေးတကြီးလိုအပ်နေကြောင်းလည်း သိရသည်။

ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုများလည်း အားနည်းနေပြီး နာတာရှည်ရောဂါသည် သက်ကြီးရွယ်အိုများမှာ ပိုမိုဒုက္ခရောက်နေကြောင်း ပြောကြသည်။

“ ကျောက်ဖြူဖက်က စစ်ရှောင်တွေမှာတော့ အဓိက ရေအရင်းအမြစ်ရရှိဖို့ လိုအပ်ပါတယ်။ နောက် ကျန်းမာရေး ပြဿနာတွေ မဖြစ်ရအောင် အိမ်သာတွေ ဆောက်ဖို့ လိုအပ်ပါတယ်။ စစ်ရှောင်တွေက လက်ဗလာနဲ့  ပြေးလာကြတော့ အဝတ်တွေလည်း မပါတော့ အနွေးထည်တွေလည်း လိုအပ်ပါတယ်။ ပြီးတော့ ကျန်းမာရေးဌာနတွေလည်း မလည်ပတ်နိုင်တော့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် နေရာတွေလည်း အရေးပေါ်လိုအပ်ပါတယ် ” ဟု ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုခိုင်ဟိန်းထက်က DMG ကို ပြောသည်။

လူမှုကူညီ‌ရေးအဖွဲ့များ၏ ၂၀၂၅ ခုနှစ် ဧပြီလ စာရင်းများအရ ကျောက်ဖြူမြို့နယ်၌ စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ စစ်ဘေးရှောင်အချို့၏ ကလေးငယ်များမှာ ပညာရေးအတွက် စိန်ခေါ်မှုများ ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

လက်ရှိကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင် အရေအတွက်မှာလည်း တိုးလာနေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး တင်းကျပ်မှု၊ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှု စသည့် မလုံခြုံမှုများကြောင့်လည်း ကျောက်ဖြူမြို့ခံ အမြောက်အများမှာ ULA/ AA ထိန်းချုပ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...