စစ်တွေက စစ်ကောင်စီ တပ်စခန်းအချို့ ကို AA တိုက်နေ

စစ်တွေက စစ်ကောင်စီ တပ်စခန်းအချို့ ကို AA တိုက်နေ

ရခိုင်ပြည် စစ်တွေ အခြေစိုက် စစ်ကောင်စီ တပ်စခန်းအချို့ကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(AA) က ဝင်တိုက်နေပြီး စစ်ကောင်စီကလည်း အပြင်းအထန်ခုခံနေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

စစ်တွေမြို့နယ် တောကန်ကျေးရွာစခန်း၊ အမြင့်ကျွန်းစခန်း၊ ကံ့ကော်ကျွန်း၊ သိန်းတန်စသည့် စခန်းတို့ကို အာရက္ခတပ်တော်က ဇန်နဝါရီလ ၃ ရက်က စပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

" စစ်တွေမြို့နယ် အစပ်မှာ ဒီရက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေပြင်းနေတာရှိတယ်။ အထူးသဖြင့် တောကန်၊ အမြင့်ကျွန်းရွာအနီးတွေမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို AA ဖက်က အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဖက်က အထိအခိုက် အကျဆုံးတွေ ရှိခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်တာရှိတယ်။ ဒီနေ့မှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်က အာရက္ခတပ်တော်ရှိမည်ဟု ထင်မှတ်သည့် နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေပြီး ယနေ့တွင် AA ကလည်း တောကန်အနီးမှာ ရှိသည့် တပ်စခန်းကို လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထို့အတူ စစ်ကောင်စီသည် စစ်တွေမြို့နယ် ဝါဘို၊ မင်းလှနှင့် ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ကွန်းတောင် ကျေးရွာတို့ကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်နေကြောင်းလည်း သိရသည်။

စစ်တွေမြို့အနီးမှာလည်း ဇန်နဝါရီလ အစောပိုင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြား နေရပြီး ဒကစ- ဌာချုပ်အနီးတွင် ပစ်ခတ်သံများ နေ့တိုင်း ကြားနေသည်ဟု စစ်တွေမြို့ခံများထံက သိရသည်။

စစ်ရေးအခြေအနေကိုသိသူ စစ်တွေဒေသခံ နောက်တစ်ဦးက " စစ်ကောင်စီက ဒီရက်ပိုင်း တိုက်ပွဲတွေမှာ အထိနာခဲ့တာကြောင့် နယ်စပ်တပ်စခန်းတွေကို အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းမှုတွေ ပြုလုပ်နေတာရှိတယ်။ အထူးသဖြင့် တောကန်ရွာအနီးက တပ်စခန်းနဲ့ ကံ့ကော်ကျွန်းအနီးက တပ်စခန်းတွေကို အင်အားအလုံး အရင်းနဲ့ ဖြည့်တင်းမှုတွေ ပြုလုပ်ပြီး ခုခံဖို့ ကြိုးပမ်းနေတာတွေ ရှိတယ်" ဟု ပြောသည်။

စစ်တွေမြို့အနီးက အမှတ်(၁၂) ရဲတပ်ရင်း၊ လက်ဝဲသလုံးတော်စေတီအနီးနှင့် ဒကစ-ဌာနချုပ်အနီးတို့ကလည်း ညအချိန်များတွင် စက်သေနတ်ပစ်ခတ်သံများ လက်နက်ကြီး ပစ်ခတ်သံများကို နေ့တိုင်း ကြားနေကြရသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် စစ်တွေမြို့နယ်က စစ်ကောင်စီ တပ်စခန်းများကို မြေပြင်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်း စစ်ရေးအခြေအနေ သိသူတို့က ပြောသည်။

စစ်တွေမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ် ၃ ခုကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...