AA ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့စစ်ကူတက်လာသော စကမစစ်ကြောင်းနှစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံနေရ

AA ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့စစ်ကူတက်လာသော စကမစစ်ကြောင်းနှစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံနေရ

ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့ စစ်ကူတက်လာသော စစ်ကော်မရှင်စစ်ကြောင်းနှစ်ကြောင်းသည် AA နှင့် ပူးပေါင်းတပ်တို့၏ ကြားဖြတ်တိုက်ခိုက်ချေမှုန်းခြင်းကို ခံနေရကြောင်း သတင်းရရှိသည်။

ရိုးပေါ်ရှိ ငဖဲအပိုင် ဂုတ်ကြီးစခန်းကို မြေလတ်ရွာမှ အင်အား ရာနှင့်ချီပါဝင်သည့် စစ်ကြောင်းတစ်ကြောင်းနှင့် ဦးထုပ်တောင်မှ အင်အား ရာနှင့်ချီသည့်စစ်ကြောင်းကို AA နှင့် ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်၍ ယနေ့ဒီဇင်ဘာ ၂၂ ရက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဂုတ်ကြီးရွာနဲ့ မနီးမဝေးမှာ ဦးထုပ်တောင်ရှိတယ်။ ဦးထုပ်တောင်နဲ့ မနီးမဝေးမှာ မြေလတ်ရွာရှိတယ်။ ဦးထုပ်တောင်ကနေလည်း စစ်ကြောင်းတစ်ကြောင်း ဆင်းတယ်။ မနေ့က အင်အားဖြည့်တဲ့ မြေလတ်ရွာကနေလည်း စစ်ကြောင်းထိုးတက်တယ်။ အဲဒီ စစ်ကြောင်းနှစ်ကြောင်းကို AA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်တာ။ တိုက်ပွဲ အသားကုန် ပြင်းနေတာ" ဟု ပြောသည်။

ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းနှင့် နှစ်မိုင်ကျော်ခန့်ကွာဝေးသည့် ဂုတ်ကြီးရွာကို AA က ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဂုတ်ကြီးရွာမှနောက်ဆုတ်ပြီး ဖရိုဖရဲထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်နှင့် AA တို့ ဂုတ်ကြီးရွာပြင်ပအနီးအနားတွင်လည်း တိုက်ပွဲဆက်ဖြစ်လျက်ရှိသည်ဟု မြေပြင်ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"တိုက်ပွဲက ဂုတ်ကြီးပြင်ပနေရာမှာ နောက်ဆုတ်သွားတဲ့ သူတွေနဲ့လည်း ဖြစ်တယ်။ အခု စစ်ကြောင်းနှစ်ကြောင်းက တစ်နေရာဖြစ်တယ်။ လေယာဉ်ကနေလည်း တရစပ် ဗုံးကြဲတိုက်ခိုက်တယ်" ဟု ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ၍ ဂုတ်ကြီးရွာအနီးတွင် ကျွဲတလင်း၊ ဘုံဘော၊ ဆားပေါက်၊ ပတ်ပွေးစသည့် ကျေးရွာများမှ နေအိမ်တချို့ပျက်စီးမှု ရှိနေကြောင်း သိရသည်။

ဂုတ်ကြီးရွာကိုသာ အကြမ်းဖက်စစ်တပ်က ထိန်းချုပ်နိုင်ပါက ပိတ်ဆို့ခံထားရသည့် နတ်ရေကန်ဗျူဟာကုန်း အတွက် အခွင့်ကောင်းရနိုင်ပြီး စစ်အင်အား လက်နက်အင်အားများ ပြန်လည်ဖြည့်တင်းကာ AA ထိန်းချုပ်ထားသည့်နေရာများသို့ ဆက်လက်ထိုးစစ်ဆင်နိုင်သည်ဟု စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးကလည်း နိရဉ္စရာကို သုံးသပ် ပြောဆိုသည်။

ဂုတ်ကြီးရွာကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီး ပစ်ကူ အင်အားများဖြင့် အင်အား ၁၀၀ ခန့်အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီးနောက် AA က စစ်နည်းဗျူဟာသုံးပြီး ခေတ္တနောက်ဆုတ်ပေးခဲ့သည်ဟု သိရသည်။

ယင်းသို့ ခေတ္တဆုတ်ခွာပေးထားသည်ကို အဟုတ်ထင်ပြီး ဂုတ်ကြီးရွာကို သိမ်းပိုက်မိပြီဟုဆိုကာ စစ်ကော်မရှင်တပ်သားများက ဝါဒဖြန့်ဓာတ်ပုံများရိုက်၍ အွန်လိုင်းပေါ်တွင် ဖြန့်ချိမှုများလည်းရှိခဲ့သည်ဟု သိရသည်။

ယင်းနောက်တွင် AA က အလစ်ဝင်တိုက်မှုကြောင့် ဂုတ်ကြီးရွာကို ယမန်နေ့တွင် ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...