လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲမကျင်းပခင်မှာဘဲ နှုတ်ဆိတ်နေရမယ့် ညွန်ကြားချက်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကနေ နိုင်ငံ့အာဏာသုံးရပ်ကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အစိုးရတွေရဲ့ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့် ကွက်ရင် အရေးယူမယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတာပါ။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့တဲ့ ဒုစစ်ခေါင်းဆောင်က မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်သွားဖို့ ပြောကြားခဲ့ပြီး အဲဒီရက်မှာတင် ကာလုံက အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမိန့်ကြော်ငြာစာရဲ့ အာဏာတည်မှု အချိန်ကာလသတ်မှတ်ချက်ကိုတော့ မဖော်ပြထားပေမယ့် ရွေးကောက်ပွဲပြီးတဲ့အခါ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ပြီဆိုရင် အဲဒီအမိန့်အတိုင်း ရှေ့ဆက်တိုးမှာဖြစ်ပြီး လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားနိုင်မယ့် သဘောလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က အဲဒီအမိန့်ဟာ လွှတ်တော်စတဲ့အခါမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေက လူထုရဲ့ အသံကို မြှင့်တင်ရမယ့် ကိစ္စတွေ အားလုံးကို နှုတ်ဆိတ်နေဖို့ ညွန်ကြားချက်မျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီအမိန့်ကြော်ငြာစာရဲ့ ရည်ညွန်းချက်တွေ ထုတ်ပြန်ချက်တွေကို ကြည့်ခြင်းအားဖြင့် လွှတ်တော်ထဲမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေက ဥပဒေပြုရေးတို့ဘာတို့ ဆိုတာထက် စီးလူယဉ်လို့ ခေါ်တဲ့ စီးပွားရေး လူမှုရေး ယဉ်ကျေးမှု နောက်တခါ လူမှုရေးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝတွေကို တကယ် တမ်းကျတော့ ဒီလွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ ကာကွယ်ပြောဆိုရမယ့် ကိစ္စတွေ။ ပြည်သူလူထုအသံကို မြှင့်တင်ဆောင်ရွက်ရမယ့် ကိစ္စတွေ အားလုံးကို ဘာမှမပြောနဲ့ ခင်ဗျားတို့ နှုတ်ဆိတ်နေဆိုတဲ့ ညွန်ကြားချက်မျိုး ထုတ်ပြန်သလို ဖြစ်သွားတယ်”လို့ ဆိုပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း စစ်ကော်မရှင် ဦးဆောင်မယ့် အပိုင်းလိုက်အထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပသွားမှာဖြစ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမှာမို့ ၂၀၂၆ ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
လွှတ်တော်အခင်းအကျင်းနဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်အနေနဲ့ စစ်ကော်မရှင်လက်ထက်မှာ ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေနဲ့ အမိန့်ကြော်ငြာစာတွေကို ပယ်ဖျက်မှာလား ဒါမှမဟုတ် ပြန်လည် အသုံးပြုမှာလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
လက်ရှိ အမိန့်ကြော်ငြာစာမှာတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဝန်ကြီးဌာနတွေ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ နေပြည်တော်ကောင်စီတို့ အခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုတဲ့ အကောင် အထည်ဖော်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို အထောက်အထားခိုင်လုံမှု မရှိဘဲ ကန့်ကွက်တာနဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်နိုင်ဖို့ အကြောင်းပြပါတယ်။
အခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ အခြားသက်ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အထောက်အထားခိုင်လုံမှု မရှိ ပတ်သက်ဆက်နွယ်မှု မရှိဘဲ ကန့်ကွက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြပါတယ်။
အဲဒီလို ကန့်ကွက်တာတွေဟာ လုပ်ငန်းတွေကို နှောင့်နှေးကြန့်ကြာနေစေတာ၊ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကို အဟန့်အတားဖြစ်စေတာ မလိုလားအပ်တဲ့ အဂတိလိုက်စားမှုတွေ ဖြစ်ပေါ်စေတာတွေကြောင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်လိုမျိုး လုပ်ငန်းတွေမှာ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတာလဲဆိုတာကိုတော့ အမိန့်ကြော်ငြာစာမှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကော်မရှင်ဘက်က ထုတ်ပြောလာနေပြီး အကြောင်းမဲ့ကန့်ကွက်သူတွေကို ခြိမ်းခြောက်ဖိနှိပ်နိုင်ဖို့ အခုလို အမိန့်ထုတ်တာလို့ သုံးသပ်ပါတယ်။
“အဓိက မြစ်ဆုံကို သူတို့လုပ်ချင်တယ်လေ။ စိုးဝင်းကလည်း လုပ်ဖို့ ပြောနေပြီ။ သူတို့ အဲဒါလည်း မြစ်ကြီးနားမှာ ပြောပြီလေ။ အကြောင်းမဲ့ ကန့်ကွက်တဲ့သူတွေကို အရေးယူမယ်ဆိုပြီး စိုးဝင်းကလည်း ပြောင်ပြောပြီပေါ့။ အဲဒီတော့ ရွေးကောက်ပွဲဥပဒေကိုထုတ်ပြီး ရွေးကောက်ပွဲကို နှောင့်ယှက်သူတွေ ဖမ်းမယ် ဆီးမယ် ထောင်ချမယ် ဖမ်းတယ် ပြတယ်။အဲဒီလို လုပ်ခြင်းအားဖြင့် သူတို့ ရွေး ကောက်ပွဲကို အောင်မြင်စွာ လုပ်နိုင်ပြီးတော့ သူတို့ ထွက်ပေါက်ရနိုင်မယ်လို့ သူတို့ ယုံကြည်သွားသလို ဒီလိုပဲ ကျန်တဲ့ဟာတွေကိုလည်း ဒီလို ခြိမ်းခြောက်ဖိနှိပ် ဖမ်းဆီးထောင်ချခြင်းအားဖြင့် လုပ်နိုင်လိမ့်မယ်လို့ အဲဒီလို သူတို့ စိတ်ထဲမှာ ထင်မြင်ယူဆလို့ ဒီကြေညာချက်ကို ထုတ်တာပေါ့ကွာ”လို့ ဆိုပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တန့်ခဲ့ရတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး တမံတည် ဆောက်မှုဒီဇိုင်းကို ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဒုစစ်ခေါင်း ဆောင်က ထုတ်ပြောထားတာပါ။ အဲဒီစီမံကိန်းဟာ စစ်ကိုင်းပြတ်ရွှေ့ကြောကနေ ၂၅ ဒဿမ ၄ ကီလိုမီတာအကွာမှာ ရှိနေတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းအနေနဲ့ အခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အထောက်အထားခိုင်လုံမှု မရှိ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့်ကွက်တာဖြစ် ကြောင်း စိစစ်တွေ့ရှိရင် အဲဒီကန့်ကွက်မှုကို ထည့်သွင်းစဉ်းစားသုံးသပ်ဖို့ မလိုအပ်ဘူးလို့ အမိန့်ကြော်ငြာစာမှာ ညွန်ကြားထားတာပါ။
ဒီအတွက် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကို ခွင့်ပြုတာ ဆက်လက်ဆောင်ရွက်စေတာတွေ ပြုရမယ့်အပြင် သက်ဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဆိုင်းငံ့ထားခြင်း မပြုဘဲ ဆက်လက်ဆောင်ရွက်စေရမယ်လို့ ဆိုပါတယ်။
ဒါကို လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်းအနှောင့်အယှက် ဖြစ်စေဖို့ ၊ မတရားအကျိုးအမြတ် တစ်စုံတစ်ရာ ရယူဖို့ ကန့်ကွက်တာဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ရင် အဲဒီ ကန့်ကွက်တဲ့ ပုဂ္ဂိုလ်/အဖွဲ့အစည်းဟာ သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ ဖော်ပြပါတယ်။
နိုင်အဲမွန်ကတော့ တိုင်းပြည်မှာရှိတဲ့ သယံဇာတတွေကို တစ်ခုပြီးတစ်ခု ထိုးရောင်းတဲ့ ကိစ္စတွေမှာ ကန့်ကွက်ပြောဆိုပိုင်ခွင့်မရှိတဲ့ အနေအထား ရောက်သွားမယ်လို့ မှတ်ချက်ပြုပါတယ်။
“တိုင်းပြည်မှာ ရှိတဲ့ သယံဇာတတွေ မြေပြင်တွေ ရှိနှင့်ပြီးသား ပြည်သူကနေ ပိုင်တဲ့ ပြည်သူတွေ နေထိုင်တဲ့ အိုးအိမ်တွေ လူမှုဝန်းကျင်တွေ သယံဇာတတွေကို တစ်ခုပြီးတစ်ခု ထိုးရောင်းတဲ့ ကိစ္စမှာ ဘာမှ ကျွန်တော်တို့ ကန့်ကွက်ခွင့် မရှိ ပြောပိုင်ခွင့်မရှိဆိုတဲ့ အနေအထားမျိုး ရောက်သွားသလို ဖြစ်သွားပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ဖြိုတာနဲ့ ချောင်းဆုံမှာ ကျောက်မီးသွေး လျှပ် စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မယ့် ကိစ္စတွေကိုလည်း ထောက်ပြပြောဆိုပိုင်ခွင့် မရှိအောင် လုပ်နေတာလို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာနှောင်းပိုင်းက တောင်ဝိုင်းတောင်မှာ တောင်မြေဖြိုမှုအပေါ် လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံနဲ့တကွ ရေးသားထောက်ပြခဲ့တဲ့ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇော တိကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စစ်ကော်မရှင်က ဖမ်းဆီးအမှုဖွင့်ထားပါတယ်။







