ရွေးကောက်ပွဲကို ထိုင်းအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုပေးလိုက်မှာကို ရွှေ့ပြောင်းမြန်မာတွေ စိုးရိမ်

ရွေးကောက်ပွဲကို ထိုင်းအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုပေးလိုက်မှာကို ရွှေ့ပြောင်းမြန်မာတွေ စိုးရိမ်
Photo credit - social media
Photo credit - social media

ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ စစ်ကော်မရှင်ရဲ့ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ဖိနှိပ်မှုတွေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုတရားဝင်မှု ပေးလိုက်မှာကို စိုးရိမ်နေကြပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို မေးမြန်းပြီး RESPECT Myanmar စစ်တမ်းကို ထုတ်ဝေခဲ့တာပါ။

စစ်တမ်းအရ စစ်ကော်မရှင်ဟာ တရားဝင်မှု တစုံတရာရရှိပြီး ပြည်တွင်းမှာ အကြမ်းဖက်ဖိနှိပ်မှုတွေ ပိုမိုဆိုးရွားလာကာ ပြည်ပရှိ ရွှေ့ပြောင်းပြည်သူတွေအပေါ် ဖိအားပေးမှုတွေ ပိုမိုများပြားလာမှာကို ပူပန်နေကြပါတယ်။

ပြည်တွင်းရှိ မိသားစုတွေကို ဖမ်းဆီးတာ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာနဲ့ ပြည်တွင်း ပဋိပက္ခ ပိုမိုမြင့်မားလို့ တိုင်းပြည်ဟာ အခုထက် ပိုမိုပျက်စီးလာစေမယ့် လုပ်ရပ်တွေ တိုးလာမှာကို စိုးရိမ်နေကြတာကြောင်း စစ်တမ်းက ဖော်ပြပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ရွေး‌ကောက်ပွဲကနေ စစ်အာဏာရှင်စနစ်ဆက်လက် အမြစ်တွယ်ဖို့ အကြောင်းချက်တစ်ခုဖြစ်သွားမှာကို မြန်မာပြည်သူတွေ အားလုံးက စိုးရိမ်နေကြတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် ဆက်လက်ပြီး မြန်မာပြည်မှာ အမြစ်တွယ်ဖို့အတွက် အကြောင်းချက်တစ်ခု ဖြစ်သွားမှာကို မြန်မာပြည်သူတွေ အားလုံးက စိုးရိမ်ကြတယ်။ ဒီစိုးရိမ်ချက်ကိုလည်း နိုင်ငံတကာက သိစေချင်တဲ့ ဒီသဘောထားရပ်တည်ချက်တွေကိုလည်း နိုင်ငံ တကာကို ပြချင်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ မဲမပေးချင်တာ။ နောက် နိုင်ငံတကာက နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု ရရှိသွားမှာကို စိုးရိမ်ကြတဲ့ အချက်တွေ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်တမ်းဖြေဆိုသူတွေဟာ ထိုင်းနိုင်ငံရှိ မြို့ ၁၄ ခုနဲ့ ခရိုင် ၁၁ ခုကနေ မတူညီတဲ့ နောက်ခံရှိတဲ့ မြန်မာရွှေ့ပြောင်းပြည်သူ ၂၀၉ ဦးကို တစ်ဦးချင်းမေးမြန်းမှု ၁၁၁ ဦး နဲ့ အုပ်စုဖွဲ့ မေးမြန်းမှု ၁၂ ခုမှာ ၉၈ ဦးတို့က ပါဝင်ဖြေဆိုထားကြတာပါ။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေကို လေ့လာရာမှာ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် ရွှေ့ပြောင်းပြည်သူတွေဟာ စိတ်ပျက်နေကြပြီး မြန်မာ့အရေးကို လျစ်လျူရှုထားတယ်လို့ စစ်တမ်းဖြေဆိုသူတွေက ထင်မှတ်ထားကြပါတယ်။

အလားတူ အာဆီယံနိုင်ငံအသိုက်အဝန်းတွေကလည်း အကျိုးစီးပွားကိုသာ အခြေခံလို့ မြန်မာ့အရေးကို ချဉ်းကပ်စဉ်းစားကြတယ်လို့ ရှုမြင်ကြပြီး မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ အကြမ်းဖက်မှုတွေမှာ မြန်မာလူထုဘက်ကနေ ရပ်တည်ပေးလိုစိတ် မရှိဘူးလို့ ခိုင်မာစွာ ယူဆနေကြတာပါ။

မြန်မာရွှေ့ပြောင်းပြည်သူတွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရဲ့ အခက်အခဲ အခြေအနေတွေကို ဖြေရှင်းနိုင်မယ့် ရွေးကောက်ပွဲဖြစ်မယ်လို့ မယုံကြည်တဲ့အတွက် မဲထည့်ရမယ့် ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဆိုကြပါတယ်။

တစ်ဘက်မှာ ရွေးကောက်ပွဲနောက်ဆက်တွဲအနေနဲ့ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အလုပ်လုပ်ခွင့်နဲ့ ပညာသင်ခွင့် အထောက်အထားတွေ သက်တမ်းတိုးပေးမှုကို နှောင့်နှေးခြင်း ရပ်တန့်ခြင်းနဲ့ အဆုံး သတ်လိုက်ခြင်း ပြုလုပ်မှာကိုလည်း စိုးရိမ်ကြတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာ‌ကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မဲမထည့်ရင် စစ်ကော်မရှင်က စောင့်ကြည့်နေတယ်ဆိုတဲ့ အကြောက်တရားတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူတွေရဲ့ ပြဿနာ အကြောက်တရားပေါ့။ အခု စစ်ကော်မရှင်က ဘာလိုက်ပြောနေလဲဆိုတော့ ငါတို့မှာ မင်းတို့ရဲ့ အိမ်ထောင်စုစာရင်းရှိတယ်။ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေဆိုရင် အခွန် ၂၅ ရာခိုင်နှုန်း ပြန်ပေးရတာကိုး။ သူတို့ဆီမှာ အလုပ်သမားမှတ်ပုံတင်ထုတ်ပေးရတယ်။ အဲဒီတော့ ငါတို့ မင်းတို့ကို စောင့်ကြည့်နေတယ်ဆိုတဲ့ အကြောက်တရားနဲ့ပဲ ပြည်သူတွေကို တကယ်လို့များ လာမဲပေးရင်လည်း ကြောက်လို့ပဲ သွားပေးရတာပဲ ရှိပါလိမ့်မယ်။ ပြည်သူအများစုကတော့ ယုံမယ်လို့တော့ ကျွန်တော် မထင်ဘူး”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပခွင့်အာဏာနဲ့ပတ်သက်ပြီး အများစုမှာ တရားဝင်ပြုလုပ်ခွင့် မရှိဘူးလို့ ထင်မြင်ကြသလို တချို့က စစ်ကော်မရှင်ရဲ့ တရားဝင်မှုဟာ လက်နက်ကိုင်ထိန်းချုပ်ထားလို့ လုပ်ချင်တာ လုပ်မယ့် သဘောသာဖြစ်တယ်လို့ မှတ်ယူကြတာပါ။

ဒါကြောင့် စစ်ကော်မရှင်က အရပ်သားအစိုးရ အမှန်တကယ်ပေါ်ပေါက်စေရေး ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲကျင်းပတာလို့ မယုံကြည်တဲ့အတွက် ရွေးကောက်ပွဲမှာ မပါဝင်လိုသူ မဲမပေးလိုသူ ၉၈ ရာခိုင်နှုန်း အထိ ရှိနေတာ ဖြစ်ပါတယ်။

မဲပေးလိုတယ်လို့ ဖြေဆိုခဲ့သူ ၂ ရာခိုင်နှုန်းခန့်သာ ရှိပြီး သူတို့ဟာ ငြိမ်းချမ်းမှုလိုလားတာကြောင့် မဲထည့်လိုခြင်းဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှာ မဟုတ်သလို တရားမျှတမှု ရှိမယ်လို့ မမျှော်လင့်ကြောင်း ဖြေဆိုထားတာပါ။

ဒါ့အပြင် အဲဒီရွေးကောက်ပွဲဟာ နိုင်ငံအတွက် ကောင်းမွန်တဲ့ အရာ၊ အရေးကြီးတဲ့ အပြောင်းအလဲအဖြစ် သတ်မှတ်ရှုမြင်သူ တဦးမှ မရှိတာဟာ ထူးခြားလှတဲ့ အချက်ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ အဘက်ဘက်က ယိုယွင်းနိမ့်ကျပျက်စီးနေတဲ့ အခြေအနေရှိနေတယ်လို့ သုတေသနမှာ ပါဝင်သူအားလုံးက ယူဆကြပြီး ပဋိပက္ခတွေ ပြေလည်စေရေး ပြည်တွင်းအင်အားစုတွေကြား ပိုမိုပူးပေါင်းကြဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝိုင်းဝန်းထောက်ပံ့ဖြေရှင်းပေးမှုကို အရေးတကြီး လိုအပ်နေတယ်လို့ ထောက်ပြတိုက်တွန်းထားပါတယ်။

Most read this week

Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...