ဟားခါးမြို့နှင့် ကျေးရွာဘက်ဆက်သွယ်ရာ လမ်းပိုင်းများကို စစ်ကော်မရှင်က JCB ဖြင့် ဖျက်ဆီး

ဟားခါးမြို့နှင့် ကျေးရွာဘက်ဆက်သွယ်ရာ လမ်းပိုင်းများကို စစ်ကော်မရှင်က JCB ဖြင့် ဖျက်ဆီး

ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့် လမ်းပိုင်းများကို စစ်ကော်မရှင်တပ်က မြေထိုးစက် JCB ဖြင့် ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ယခုဒီဇင်ဘာလအတွင်း နှီလ်လှောန်းရွာသစ်လမ်းကို စတင်ဖျက်ဆီးခဲ့ပြီးနောက်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဟားခါး မြို့ပတ်လမ်းရှိ ဖိုင်ရွာလမ်းနှင့် ခွါဘဲရွာဘက်သို့ သွားသည့်လမ်းများကိုပါ စစ်ကော်မရှင်တပ်က ထပ်မံဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဟားခါးမြို့ ဒေသခံတစ်ဦးက “လမ်းတွေကို ဘယ်သူမှ သွားလို့မရအာင် ရေပြွန်တူးသလိုမျိုး JCB နဲ့ တူးပစ်တာ။ ခွါဘဲ ဘက်ဆိုရင် ဆိုင်ကယ်တောင်မသွားနိုင်ဘူးလို့ ပြောတယ်။ နှီလ်လှောန်းဘက်ကတော့ ဆိုင်ကယ် တစ်စီးစာလောက် ချန်တော့ သွားလို့ရတယ်။ ပြောရရင်တော့ စစ်တပ်က သူတို့ ဂိတ်ရှိတဲ့ ဟားခါး-ဂန့်ဂေါ လမ်း၊ ဟားခါး-မတူပီလမ်းနဲ့ ဟားခါး-ကလေးလမ်းက ၆ လမ်းဆုံမှာ သူတို့ဂိတ်ချတယ်လေ။ အဲဒီလမ်းတွေကိုတော့ ဖွင့်တာပေါ့နော်။ ကျွန်တော် ထင်တာကတော့ ပြည်သူတွေက စစ်တပ်ဂိတ်ကို ရှောင်ပြီးတော့ တခြားလမ်းတွေ သုံးတယ် အဲဒါကြောင့် သူတို့ဂိတ်ကို ဖြတ်ပြီးပဲ ဝင်စေချင်လို့ ဖြစ်မယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဂိတ်ကြးတွေလဲ မြင့်တယ်လေ” ဟု ပြောသည်။

အဆိုပါ ဖျက်ဆီးခံရသည့် လမ်းများသည် ဖလမ်း၊ ကလေးနှင့် ဂန့်ဂေါ မြို့များသို့ သွားလာရာတွင် အသုံးပြုနေသော ရှောင်ကွင်းလမ်းများလည်းဖြစ်သည်ဟု သိရသည်။

နှီလ်လှောန်းရွာလမ်းနှင့် ဖိုင်ရွာလမ်းတို့မှာ ကလေးမြို့ဘက်သို့ ဆက်သွယ်နိုင်ပြီး၊ ခွါဘဲရွာလမ်းမှာ မိအေဒေသနှင့် ဇိုခွါဘက်မှတစ်ဆင့် ဂန်ဂေါသို့ ပေါက်သည့်လမ်းဖြစ်သည်။ သို့သော် လမ်းကျဉ်းကာ ပြုပြင်မွမ်းမံခြင်း မရှိတာကြောင့် ကားလေး၊ ဆိုင်ကယ်များသာသွားနိုင်သောလမ်း ဖြစ်သည်ဟု သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မြို့ပေါ်သို့ လူဝင်လူထွက်ကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လိုသည့်အတွက် ယခုကဲ့သို့ လမ်းများကို ဖျက်ဆီးကာ ၎င်းတို့ဂိတ်ရှိရာ လမ်းမကြီးများမှသာ သွားလာခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ထို့အပြင် လက်ရှိတွင် စစ်ကော်မရှင်တပ်က ဟားခါးမြို့ရှိ စုပေါင်းရုံး၌ ကြိုတင်မဲများ ပေးခိုင်းနေသော်လည်း ဒေသခံ အများစုမှာ ပူးပေါင်းပါဝင်ခြင်း မရှိကြောင်း သိရသည်။

June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...