စစ်ကော်မရှင်တပ်၏ ဝါဒဖြန့်ချိမှုတွင် မသန်စွမ်းဖြစ်မှုကို အသုံးချ၍ လူ့ဂုဏ်သိက္ခာ ချိုးဖောက်နေမှုများ

စစ်ကော်မရှင်တပ်၏ ဝါဒဖြန့်ချိမှုတွင် မသန်စွမ်းဖြစ်မှုကို အသုံးချ၍ လူ့ဂုဏ်သိက္ခာ ချိုးဖောက်နေမှုများ

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ၌ အမုန်းစကား (Hate Speech) များ အသုံးပြု၍ တိုက်ခိုက်မှုများကို အများအပြား တွေ့ရှိရသည်။ ၎င်းတို့သည် လူနည်းစု အဖွဲ့အစည်းများကို ပစ်မှတ်ထားရာတွင် မသန်စွမ်း လူအဖွဲ့အစည်းများကိုလည်း ဦးတည်တိုက်ခိုက်လျက်ရှိသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများကြောင့် ပြည်သူအများအပြားမှာ ထိခိုက်ဒဏ်ရာရကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ စွန့်လွှတ်ခဲ့ရပြီး မသန်စွမ်းဘဝသို့ ရောက်ရှိခဲ့ကြသည်။

ထိုသို့သော အခြေအနေအပေါ် စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အမုန်းစကားများဖြင့် စနစ်တကျ ဝါဒဖြန့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဤလေ့လာမှုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ၁၀ ခု (ရွှေဘ၊ စစ်သွေး၊ Ka KA Han၊ မှိုင်းဝေ၊ ဗြုတ်စဗျင်းတောင်း သတင်းများ၊ တိုက်ပွဲသတင်းစုံ၊ Sit Min၊ U Nay Win၊ Snow Queen နှင့် Truth Media) တို့၏ ဖော်ပြချက်များကို ဆန်းစစ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် လက်နက်ကိုင်တော်လှန်မှုကြောင့် ဖြစ်ပေါ်လာသည့် မသန်စွမ်းဖြစ်မှုကို ဗဟိုပြု၍ အမုန်းစကားများ မည်သို့ အသုံးပြုနေသည်ကို ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။

အမုန်းစကားနှင့် ဝေါဟာရ အသုံးပြုမှုပုံစံများ

စစ်တပ်၏ ဝါဒဖြန့်ချန်နယ်များသည် ၎င်းတို့၏ စစ်ရေးသတင်းများကို လူစိတ်ဝင်စားမှု ရရှိစေရန်အတွက် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော စကားလုံးများကို သုံးစွဲကြသည်။ ၎င်းတို့ အသုံးများသော စကားလုံးများအဖြစ် “တိုပြတ်”၊ “တိုပြတ်ဖွာလန်”၊ “လက်ပြတ်”၊ “ခြေပြတ်”၊ “ထော့ကျိုး”၊ “ဒုက္ခိတ” စသည့် ခွဲခြားဆက်ဆံသော ဝေါဟာရများကို တွေ့ရှိရသည်။

စစ်ကောင်စီ၏ တိုက်ပွဲအောင်မြင်မှုများကို ဖော်ပြရာတွင်လည်း တော်လှန်ရေးအင်အားစု (PDF) များ၏ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးမှုကို အောင်ပွဲတခုကဲ့သို့ ရက်စက်စွာ ပုံဖော်လေ့ရှိသည်။

နမူနာ (၁) – ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း “ဗြုတ်စဗျင်းတောင်း သတင်းများ” ချန်နယ်တွင် နွားထိုကြီးမြို့နယ် လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ သေဆုံးသူနှင့် ဒဏ်ရာရသူများ၏ ကိုယ်လက်အင်္ဂါ ပျက်စီးမှုကို စက်ဆုပ်ဖွယ် စကားလုံးများဖြင့် လှောင်ပြောင် ရေးသားခဲ့သည်။

နမူနာ (၂) – ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် “Sit Min Channel” မှ ဖလမ်းမြို့သတင်း၌လည်း ထိခိုက်ဒဏ်ရာရသူများ၏ မသန်စွမ်းဖြစ်သွားမှုကို အမုန်းစကားများဖြင့် အသေးစိတ် ကိုးကားဖော်ပြခဲ့သည်။

လူပုဂ္ဂိုလ်ကို ဦးတည်တိုက်ခိုက်ခြင်း

စစ်ကောင်စီဝါဒဖြန့်သူများသည် တော်လှန်ရေးအင်အားစုအတွင်းရှိ လူပုဂ္ဂိုလ်များကို တိုက်ခိုက်ရာတွင် ၎င်းတို့၏ မသန်စွမ်းမှုကို အဓိကထား၍ စော်ကားလေ့ရှိသည်။ ဥပမာအားဖြင့် Lion Battalion မှ ဗိုလ်အယ်စေးဝါးကို ပစ်မှတ်ထားရာတွင် ၎င်း၏ ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရသော လက်အစိတ်အပိုင်းကို အခြေခံ၍ “လက်ပြတ်” ဟု ခေါ်ဝေါ်ကာ လူ့သိက္ခာကို ချနင်းသည့် စကားလုံးများဖြင့် “U Nay Win Channel” နှင့် “Snow Queen Channel” တို့တွင် ရေးသားခဲ့ကြသည်။

ထို့အပြင် “Truth Media” ချန်နယ်တွင် ဒဏ်ရာရလူငယ်များကို တိရစ္ဆာန်နှင့် နှိုင်းယှဉ်ခြင်း သို့မဟုတ် ဂုဏ်သိက္ခာမဲ့သော အခေါ်အဝေါ်များဖြင့် တိုက်ခိုက်ခြင်းကို လုပ်ဆောင်ခဲ့သည်။

အဖွဲ့အစည်းများကို ပုံဖျက်တိုက်ခိုက်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EROs များအပေါ် တိုက်ခိုက်ရာတွင်လည်း မသန်စွမ်းဖြစ်မှုကို ရှုံ့ချသော စကားလုံးများနှင့် ကာတွန်းများကို အသုံးပြုကြသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း NUG ၏ မြေအောက်ဆေးရုံသတင်းနှင့် ပတ်သက်၍ “Truth Media” သည် ဆေးရုံတက်နေရသည့် လူနာများကို မသန်စွမ်းမှုဆိုင်ရာ အမုန်းစကားများ သုံးနှုန်း၍ လှောင်ပြောင်ဝါဒဖြန့်ခဲ့သည်။

ရိုက်ခတ်မှုနှင့် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်

ဤလုပ်ရပ်များနှင့် ပတ်သက်၍ တော်လှန်ရေးတွင် ခြေတဖက် ဆုံးရှုံးခဲ့ရသည့် ကိုကောင်းကောင်းက “လူငယ်တွေ တော်လှန်ရေးထဲ ထပ်မပါလာအောင် မသန်စွမ်းဖြစ်မှုကို ရည်ရွယ်ချက်ရှိရှိ နစ်နစ်နာနာ ပြောဆိုဝါဒဖြန့်တာ ဖြစ်တယ်” ဟု မဇ္ဈိမသို့ ပြောသည်။

အမုန်းစကားနှင့် သတင်းတုများကို လေ့လာစောင့်ကြည့်နေသည့် ကိုဝင်ဒီက“စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေဟာ လူ့ဂုဏ်သိက္ခာကို ချနင်းပြီး အကြမ်းဖက်လုပ်ရပ်ကို ဂုဏ်ယူဝမ်းမြောက်စရာအဖြစ် ဖြန့်ဝေနေတာဖြစ်ပြီး ဒါဟာ လူသားဆန်မှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ဆိုသည်။

ရက်ပ်အဆိုတော် ကိုမင်းလွန်းကလည်း ယခုကဲ့သို့ စစ်အုပ်စု၏ ကျင့်ဝတ်မဲ့ ပြောဆိုမှုများသည် ဒဏ်ရာရရဲဘော်ငယ်များအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် စိတ်ဓာတ်ကျမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။

တိုက်တွန်းချက်

မြန်မာနိုင်ငံရှိ စစ်ရေးပဋိပက္ခတွင် မသန်စွမ်းဖြစ်မှုကို အမုန်းစကားဖြင့် အသုံးချခြင်းသည် စစ်ပွဲကျင့်ဝတ်နှင့် လူသားချင်းစာနာမှု စံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်သည်။ ဤသို့သော ဖော်ပြချက်များသည် ထိခိုက်ခံစားရသူများအပေါ် နှစ်ထပ်ကွမ်း နာကျင်မှုကို ဖြစ်စေရုံသာမက လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အမုန်းတရားများကို ပိုမိုတိုးပွားစေပါသည်။

ထို့ကြောင့် –

၁။ စစ်ကောင်စီ၏ လူ့ဂုဏ်သိက္ခာ ချိုးဖောက်သော ဝါဒဖြန့်ချိမှုများကို ပြည်သူများက သတိပြု တွန်းလှန်ရန်။

၂။ ပြည်တွင်း/ပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းများက ဤချိုးဖောက်မှုများကို စနစ်တကျ မှတ်တမ်းတင် အစီရင်ခံရန်။

၃။ မသန်စွမ်းအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက စစ်အုပ်စု၏ ကျင့်ဝတ်မဲ့ လုပ်ရပ်များကို တုံ့ပြန်သည့် လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...