မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း ပုဏ္ဏားကျွန်းမြို့နယ်မှ မောင်နှမလေးဦး မိဘမဲ့ဖြစ်သွား

မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း ပုဏ္ဏားကျွန်းမြို့နယ်မှ မောင်နှမလေးဦး မိဘမဲ့ဖြစ်သွား

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင် မိဘနှစ်ပါးပါ ပါဝင်သွားခဲ့သည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် တစ်နှစ်နှင့်ခြောက်လအရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် မောင်နှမလေးဦးသည် မိဘမဲ့ဖြစ်သွားခဲ့ရသည်ဟု သိရသည်။

မိဘမဲ့ဖြစ်သွားခဲ့ရသည့် မောင်နှမလေးဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်နားရွာမှ သားကြီး မောင်မိုးဇော်ဦး (၁၇)နှစ်၊ သမီးကြီး မစုစုနွယ် (၁၃)နှစ်၊ သမီးလတ် မစုစုမွန် (၆)နှစ်နှင့် သမီးငယ် မဝိုင်းစုစံ (တစ်နှစ်နှင့်ခြောက်လ)တို့ ဖြစ်ကြသည်။

သူတို့မောင်နှမလေးဦးအနက် အကြီးဆုံးသား မောင်မိုးဇော်ဦးသည် ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

သူတို့မောင်နှမလေးဦး၏ မိဘများမှာ ဦးခင်အေးမောင် (၅၃)နှစ်နှင့် မိခင် ဒေါ်နုနုရီ (၃၆)နှစ်တို့ဖြစ်ကြသည်။

အဆိုပါမောင်နှမလေးဦး၏ မိခင် ဒေါ်နုနုရီ၏ ဝမ်းဗိုက်တွင် ကျောက်တည်နေသည့်အတွက် ခွဲစိတ်ကုသနိုင်ရန် မြောက်ဦးဆေးရုံကြီး၌ သူမ၏အမျိုးသားဖြစ်သူ ဦးခင်အေးမောင်က လူနာစောင့်အဖြစ်လိုက်ပါပြီး ဆေးရုံ တက်ရောက်ကုသနေခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ကုသနေကြစဉ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ဝ ရက်၊ ည ၉ နာရီကျော်တွင် အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကြီးအား ဗုံးကြဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၃၄ ဦးတွင် ဦးခင်အေးမောင်နှင့် ဒေါ်နုနုရီတို့ ဇနီးမောင်နှံနှစ်ဦးလည်း ပါဝင်သွားကြခြင်းဖြစ်သည်ဟု သူတို့၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး(PYA)၏ ယနေ့ ဒီဇင်ဘာလ ၁၈ ရက် ထုတ်ပြန်သည့် ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောဆိုသည်။

“ဒီသား၊ သမီးလေးယောက်ရဲ့ လာမယ့်အနာဂတ်အတွက်ကို တွေးပြီးပြောရမယ်ဆိုရင်တော့ ခံစားချက်တွေက အမျိုးမျိုးပဲ။ နောက်တခုပြောချင်တာက ကမ္ဘာ့ဆိုင်ရာအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေမှာသော် လည်းကောင်း၊ နိုင်ငံတကာတာဝန်ရှိသူတွေလည်းကောင်း၊ ဒီကလေးတွေရဲ့ စားဝတ်နေရေးအတွက် ကူညီရိုင်းပင်းမှုတွေ၊ ကူညီပံ့ပိုးမှုတွေကို လိုအပ်‌နေတယ်။ နောက်တစ်ခုက ဒီလို ပြည်သူတွေကို အလဟဿ ဆုံးရှုံးအောင်ဖျက်ဆီးတဲ့ စစ်ကောင်စီရဲ့ မလိုလား၊ မလိုအပ်တဲ့နေရာတွေကို ဗုံးကြဲတာတွေကို ကမ္ဘာ့ဆိုင်ရာနေရာဌာနတွေကို အသိပေး တားမြစ်စေချင်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို မဖြစ်စေချင်ဘူးလို့ ပြောချင်တယ်။ ဒီလို မရှိဆင်းရဲဒုက္ခဖြစ်ပြီးတော့ ရောဂါအနာအမျိုးမျိုးနဲ့ ဆေးကုသနေတဲ့နေရာဌာနဆိုင်ရာဟူသမျှတွေကို ဒီလိုပစ်တယ်။ လေယာဉ်နဲ့ပစ်တယ်ဆိုတာတွေကို လုံးဝမနှစ်သက်ကြောင်း အထက်လူကြီးတွေလည်း သိစေချင်တယ်။ ကမ္ဘာ့ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း တင်ပြချင်ပါတယ်လို့ ပြောချင်ပါတယ်"ဟု ပြောသည်။

သေဆုံးသွားသည့် ဦးခင်အေးမောင်နှင့် ဒေါ်နုနုရီတို့၏ရုပ်အလောင်းကိုလည်း မြောက်ဦးတွင် သင်္ဂြိုဟ်ခဲ့ရသည့်အတွက် မောင်နှမလေးဦးသည် သေဆုံးသွားသည့်မိဘနှစ်ဦး၏မျက်နှာကို နောက်ဆုံး ကြည့်ခွင့်မရခဲ့ကြဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါမောင်နှမလေးဦး၏ ဘဝရပ်တည်ရေးအတွက် အကူအညီအထောက်အပံ့များလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း ဦးခင်အေးမောင်နှင့် ဒေါ်နုနုရီတို့၏ တောင်နားကျေးရွာမှ ဆွေမျိုးအချို့လည်း ထိခိုက်သေဆုံးခဲ့ရသည်ဟု သိရသည်။

အရပ်သားပြည်သူများ ဆေးရုံတက်ရောက်ကုသနေသည့် မြောက်ဦးဆေးရုံကြီးအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်စစ်တပ်၏လုပ်ရပ်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပရှိ ရခိုင်အပါအဝင် အခြားလူမှုအဖွဲ့အစည်းအများအပြားက ကန့်ကွက်ရှုတ်ချထားကြသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...