KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့) ရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်ဗျူဟာတပ်ဖွဲ့ပိုင် မွေးမြူရေးခြံသို့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အလုပ်သမား မိသားစုဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွားအကောင်ရေ ၂၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။
နွားအကောင်ရေ ၂၀၀ ကျော်နှင့် ဆိတ်အကောင်ရေ ၃၀၀ ကျော် မွေးမြူထားသည့် အဆိုပါ မွေးမြူရေးခြံ နေရာတည့်တည့်ကို စစ်အုပ်စုတပ်က ပေါင် (၅၀၀) ဗုံး နှစ်လုံးဖြင့် လာရောက် ကြဲချခဲ့ခြင်းဖြစ်သည်ဟု DKBA အမှတ် (၂) စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စောအေဝမ်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အဲဒီ မွေးမြူရေးနေရာကို သူတို့ (စစ်တပ်) ပွိုင့် အရင်တောင်းတယ်။ တောင်းပြီးတော့ အလုပ်သမားတွေ အလုပ်လုပ်တဲ့နေရာကို လာကြဲချသွားတယ်။ အလုပ်သမားတွေပဲ ရှိတဲ့နေရာပါ။ အလုပ်သမား ၅ ယောက် ထိသွားတယ်။ နွားအကောင် ၂၀ ကျော်တောင် သေတယ်။ ၁၇ ကောင် ဒဏ်ရာရရှိသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဗုံးကြဲခံရမှု ဖြစ်စဉ်မှ ထွက်ပေါ်လာသော ပုံများအရ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဆယ်နှစ်အောက် ကလေးငယ် ၄ ဦးလည်း ပါဝင်သည်ကို တွေ့ရှိရသလို ထိခိုက်ပျက်စီးသွားသော တဲအိမ်များနှင့် ထိခိုက်သေဆုံးနေသော နွားများ၏ ပုံများကို တွေ့ရှိရသည်။ ၎င်းအခြေအနေ အသေးစိတ် သိရှိရန် ကေအိုင်စီအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ နေရာတစ်ဝိုက်တွင် မွေးမြူရေးလုပ်ငန်းအပြင် ပီလောပီနံလုပ်ငန်းများလည်း လုပ်ကိုင်နေကြသည့်နေရာဖြစ်၍ အလုပ်သမား မိသားစုဝင်များသာ နေထိုင်ကြသည်ဟုလည်း ဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။
“အလုပ်သမားတွေပဲ ရှိတဲ့နေရာကို ဘာကြောင့် လာကြဲချတာလဲ ကျနော်တို့ မသိရဘူး။ မွေးမြူရေးခြံဆိုတာကို ကျနော်တို့လည်း ပြောပြထားပြီးသား ဖြစ်တယ်။ တရုတ်တွေ လာနေတယ်လို့ သူတို့ ယူဆနေလား၊ ဒါမှမဟုတ် ကျနော့်နေရာမို့လို့ လာလုပ်ပြတာလား မသိဘူး။”ဟု သူက ထပ်လောင်း ပြောဆိုသည်။
ယခုဗုံးကြဲခံရသည့် မွေးမြူရေးလုပ်ငန်းနေရာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့နံနက်ပိုင်းတွင် ဗုံးကြဲခံရသည့် (DKBA) အဖွဲ့၏ အမှတ် (၂) စစ်နည်းဗျူဟာ ဌာနချုပ်နေရာနှင့် ကိုက် ၅၀၀ အကွာသာရှိသည်ဟု သိရသည်။အမှတ် (၂) စစ်နည်းဗျူဟာ ဌာနချုပ်နေရာ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် DKBA အဖွဲ့၏ မိသားစုနေအိမ်များနှင့် ရုံးအဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့ရသည်။
စစ်အုပ်စုတပ်သည် ယခုလအတွင်း KNU ထိန်းချုပ်နယ်မြေများအပြင် နိုင်ငံအနှံ့အပြားတွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာလျက်ရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်အုပ်စုက ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူ (၃၅) ဦး သေဆုံးပြီး (၇၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်သတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အပေါ် ရှုတ်ချကြောင်းနှင့် စစ်အုပ်စုက အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ရာဇဝတ်မှုများ ကျူးလွန်နေခြင်းမှ ထိရောက်သော အကာအကွယ်များကို အရေးပေါ် လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ KNU -ကရင်အမျိုးသားအစည်းအရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သည်။
ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေး ဝန်ကြီးဌာနကလည်း စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် မြောက်ဦးဖြစ်စဉ်အပေါ် သက်သေများ စုဆောင်းနေပြီး တရားမျှတမှု ရရှိစေရန် နိုင်ငံတကာသို့ ပေးပို့သွားမည်ဟု ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။







