SRA တပ်ပေါင်းစုနှင့် မြန်မာ့တော်လှန်ရေး အရွေ့

SRA တပ်ပေါင်းစုနှင့် မြန်မာ့တော်လှန်ရေး အရွေ့

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့ ၁၉ ခု စုပေါင်းပြီး နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်စု(SRA) ဖွဲ့စည်းလိုက်ခြင်းသည် စစ်အာဏာရှင် တော်လှန်မှုကို ပိုမိုမြန်ဆန်စေနိုင်သည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

နွေဦးတော်လှန်ရေးတွင် လက်ရှိ  စစ်ရေးအောင်မြင်မှုများ ရရှိနေကြသည့် BPLA၊ CB၊ KNDF၊  96 Soldiers PDF၊ ဗမာ့ တပ် တော်(BA)၊ DPLF၊ FFD၊ GZA၊ KRF၊ MAGWAY PDF၊ MSRF ၊ NLA၊  PIA၊ PNDF-KK ၊SAGAING PDF၊ SAF၊ YA ၊ YDF စသည့်အဖွဲ့များသည် နိုဝင်ဘာ ၂၁ ရက်က အစည်းအဝေးပြုလုပ်ပြီး နွေဦးတော်လှန် ရေးမဟာမိတ်တပ်ပေါင်စု (SRA) တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

SRA တပ်ပေါင်းစုကို ၂၀၂၅ ခုနှစ် မေလတွင် စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး နိုဝင်ဘာလ ပထမအပတ်မှာ တပ်ဖွဲ့ဝင် ၁၄ ဖွဲ့ဖြင့် ကနဦးတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ကာ ဘုံသဘောတူညီချက်များရရှိလာပြီး စတင်ဖွဲ့ စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကဲသို့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်စု ဖွဲ့စည်းလိုက်ခြင်းက ပြည်သူ့ဆန္ဒနှင့်ကိုက်ညီပြီး တော်လှန်ရေးအရွေ့ကို မြန်ဆန်စေနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ပြည်သူတွေ လိုအပ်နေတဲ့ အချိန်မှာ ပေါ်ပေါက်လာတဲ့ အဖွဲ့ကြီးဖြစ်တယ်။ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ တစ်ဦး တစ်ဖွဲ့ကောင်း တစ်ယောက်ကောင်းနဲ့ မရဘူးဆိုတာကို ၅ နှစ်တာအတွေ့အကြုံအရ သိရပြီ။ ဒါကြောင့်မို့ ဒီလို တပ်ပေါင်းစုကြီးကို တရားဝင်ဖွဲ့စည်းပြီးတော့ သေချာလုပ်တာက လမ်းကြောင်းမှန်ပေါ်ကိုရောက်ပြီ။ မကြာခင် အောင်ပွဲတွေတွေ့ရတော့မယ်လို့ ယုံကြည်တယ်။ တော်လှန်ရေးကလည်း အများကြီးမြန်သွားနိုင်တယ်” ဟု ရှေ့နေ ဦးကြီးမြင့်က DMG ကို ပြောသည်။ 

ဆက်လက်ပြီး ဦးကြီးမြင့်က “AA၊ KIA ကလည်း သူတို့အစွမ်းကုန်လုပ်နိုင်သမျှ လုပ်နေကြတယ်။ KNU ကလည်း အခုလုပ်လာပြီ။ မြောက်ပိုင်း ၃ ဖွဲ့မှာ ၂ ဖွဲ့က ဖိအားတွေကြောင့်လျောကျပြီး တိုက်ပွဲတွေကြာနေတဲ့ အချိန်မှာ ဒီအဖွဲ့ကြီး အစားဆို ပေါ်ပေါက်လာတာ။ ဒီလိုသာ မပေါ်ပေါက်လာရင် နွေဦးတော်လှန်ရေးက အကန့်အသတ်မရှိ ကြာသွားနိုင်တယ်” ဟုပြောသည်။

ပြည်သူအနေဖြင့်လည်း လက်ရှိ တပ်ပေါင်စုကြီး အောင်မြင်နိုင်ဖို့အတွက် ဝိုင်းဝန်းညီကူပေးရန် လိုအပ်ကြောင်းလည်း ဦးကြီးမြင့်က ဆက်ပြောသည်။

လက်ရှိဖွဲ့စည်းလိုက်သည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအနေဖြင့် ရှင်းလင်း၍ ထိရောက်အားကောင်းသော ကွက်ကဲမှုယန္တရားတရပ် ပေါ်ပေါက်လာစေရန် လုပ်သွားမည်ဟုလည်း SRA ထုတ်ပြန်ချက်တွင် ရေးထားသည်။

SRA အနေဖြင့် စစ်ရေးအတွေ့အကြုံရှိသလို ဗဟိုကွပ်ကဲမှုစနစ်ဖြင့် သွားမည်ဖြစ်သည့်အတွက် ၂၀၂၆ ခုနှစ်အတွင်း မဟာမိတ်တပ်ပေါင်းစုတို့၏ အောင်မှုကို မြင်တွေရနိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်ကလည်း သုံးသပ်သည်။

“တပ်တွေကို တစ်ပေါင်းတစ်စည်းတည်း စုဖွဲ့မိသွားပြီးဆိုတော့ တော်လှန်ရေးရဲ့ အရွေ့ကကောင်းသွားပြီ။ သူတို့ ကြေညာသွားတာလည်း အင်အား ၁၀,၀၀၀ လောက်ရှိတယ်။ ဒီအင်အား ၁၀,၀၀၀ က စစ်တပ်ရဲ့ တိုက်ခိုက်ရေး တပ်မ ၁၀ စာလောက်ရှိတာကြောင့် စစ်တပ်ရဲ့ တိုက်ခိုက်ရေး အင်အား ၃ ပုံ ၁ ပုံလောက်ကို ယှဉ်နိုင်လောက် တယ်။ ပြီရင်သူတို့က အရင်လို သူတလူ ငါတမင်းမဟုတ်တော့ဘဲ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ လုပ်သွားမယ်ဆိုတော့ အချိန်ယူနိုင်ရပေမယ့် ၂၀၂၆ ခုနှစ်မှာ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ အောင်မြင်မှု မြင်တွေ့ရနိုင်တယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင် တော်လှန်ရေး အရှိန်လျော့သွားသည်ဟု မြင်နိုင်သော်လည်း ယခု မဟာမိတ် တပ်ဖွဲ့စည်းလိုက်ခြင်းက စစ်ကောင်စီတပ်ကို ဟန်ချက်ပျက်အောင်လည်း လုပ်ဆောင်နိုင်သည်ဟုလည်း CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

ယခုတပ်ပေါင်းစုကို အဓိက ဦးဆောင်သည့် ကော်မတီတစ်ရပ်ထားရှိပြီး အဖွဲ့ဝင်တပ်တိုင်းက အဆိုပါ ကော်မတီတွင် ပါဝင်ရမည်ဖြစ်ကာ ယင်းကော်မတီက လုပ်ငန်းစဉ်နှင့် စစ်ဆင်ရေးများကို တာဝန်ယူ အကောင်အထည် ဖော်ဆောင်သွားမည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်စု(SRA) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းထက်ဟန်က ဘီဘီစီ မြန်မာပိုင်းမှာ ပြောထားသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်များကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နွေဦးတော်လှန်ရေး အင်အားစုများ သည့် မဟာမိတ်များဖွဲ့စည်းပြီး စစ်ကောင်စီကို တော်လှန်နေကြခြင်းဖြစ်သည်။

Most read this week

December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...
December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...