မြောက်ဦးပြည်သူ့ဆေးရုံ ဗုံးကြဲခံရမှု လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်အဖြစ် ချင်းတော်လှန်ရေးအဖွဲ့များ ကန့်ကွက်ရှုတ်ချ

မြောက်ဦးပြည်သူ့ဆေးရုံ ဗုံးကြဲခံရမှု လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်အဖြစ် ချင်းတော်လှန်ရေးအဖွဲ့များ ကန့်ကွက်ရှုတ်ချ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည် လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်အဖြစ် ကန့်ကွက်ရှုတ်ချပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး တားဆီး အရေးယူပေးရန် ချင်းတော်လှန်ရေးအဖွဲ့များက တောင်းဆိုသည်။

မြောက်ဦးမြို့ပြည်သူ့ဆေးရုံးကြီးသည် ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ဒီဇင်ဘာလ ၁၀ ရက်က လေကြောင်းတိုက်ခိုက် ခံရမှုကြောင့် အရပ်သားပြည်သူ ၃၅ ဦးသေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိရာ များစွာ ဝမ်းနည်း စိတ်မကောင်း

ဖြစ်ရပြီး လူသားမဆန်သည့် ထိုအကြမ်းဖက်လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသည်ဟု ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့က ကြေညာသည်။

စစ်ကော်မရှင်၏ မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံးတားဆီးအရေးယူပေးနိုင်ရန်နှင့် ထိခိုက်ခံစားရနေရသော မြန်မာလူထုဘက်မှ စာနာရပ်တည်ပေးရန် ချင်းပြည်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်က တိုက်တွန်းထားသည်။

ချင်းပြည်ကောင်စီအနေဖြင့် စစ်ကော်မရှင် အမြန်ဆုံး ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ရည်မှန်းချက်တူ တိုင်းရင်းသားညီအစ်ကို တော်လှန်ရေးအင်အားစုများနှင့် စည်းလုံးညီညွတ်စွာ လက်တွဲ တွန်းလှန်းသွားမည်ဟု ထုတ်ပြန်သည်။

အာရက္ခပြည်တဝန်းမှ လူမျိုးဘာသာပေါင်းစုံပြည်သူများ မှီခိုအားထားရသော မြောက်ဦး ပြည်သူ့ဆေးရုံးကြီးတွင် တက်ရောက်ဆေးကုသနေသော လူနာများ၊ မိသားစုများ၊ ဝန်ထမ်းများကို ယခုကဲ့သို့ ဗုံးကြဲသတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှု မြောက်သည်ဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၁၃ ရက် ထုတ်ပြန်သည်။

မြန်မာပြည်သူလူထုကို နည်းလမ်းပေါင်းစုံဖြင့် သတ်ဖြတ်နေသော စစ်ကော်မရှင်အား တော်လှန်တိုက်ထုတ်ရာတွင် ချင်းညီနောင်အနေဖြင့် ULA/ AA နှင့် မြဲမြံစွာ ရှေ့ဆက်လက်တွဲသွားမည်ဟု ထုတ်ပြန်သည်။

စစ်ကော်မရှင်သည် နိုင်ငံတဝန်း စေတီပုထိုးနှင့် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများအပြင် နေအိမ်များကို အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမှုများကို ချိုးဖောက်သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းအပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို တိုက်ရိုက် ချိုးဖောက်ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...