ချင်းကျား/မ ရေးရာမူဝါဒ မူဘောင်ကို ရေးဆွဲချမှတ်နိုင်ပြီဟု ဆို

ချင်းကျား/မ ရေးရာမူဝါဒ မူဘောင်ကို ရေးဆွဲချမှတ်နိုင်ပြီဟု ဆို

စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုကို အခြေခံထားသော ချင်း ကျား/မရေးရာ မူဝါဒမူဘောင်ကို ချမှတ်နိုင်ပြီဟု ချင်းကျား မရေးရာမူဝါဒမူဘောင်လမ်းညွှန်ကော်မတီ (CGPFSC) ထံမှ သိရသည်။

ချင်းလူ့အဖွဲ့အစည်းအတွင်း လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး နယ်ပယ်များတွင် ချင်း ကျားမရေးရာ မူဝါဒမူဘောင် (Chin Gender Policy Framework – CGPF) နှင့်အတူ ဘက်စုံပါဝင်နိုင်ရေးအတွက် လက်တွေ့ကျသော လမ်းညွှန်ချက် များပေးနိုင်ရန် ရည်ရွယ်သည်ဟု ဒီဇင်ဘာလ ၆ ရက်က ကြေညာသည်။

ကျားမတန်းတူညီမျှရေး တိုးတက်စေရန်နှင့် လူ့အခွင့်အရေး စံနှုန်းအခြေပြု အုပ်ချုပ်မှု စနစ်ကို ခိုင်မာ အားကောင်းစေရန် ရည်ရွယ်၍ ဘက်စုံမှုဝါဒ ရေးဆွဲရာမှာ အဓိက မှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်မတို့ မူဝါဒမူဘောင်ကို ရေးဆွဲမယ် ဆိုကတည်းက ဒီမှာရှိတဲ့ steering committee ဝင်တွေနဲ့ပဲ ရေးဆွဲခဲ့တာ မဟုတ်ဘူးပေါ့နော်။ အစောပိုင်းကာလမှာတုန်းက ကျွန်မတို့ ဒီအတွက်ကို in person ရော online ကနေရော အကြိမ်ကြိမ်အစည်းအဝေးတေ လုပ်ခဲ့ကြတယ်။ steering committee အနေနဲ့လဲ သက်ဆိုင်ရာ ဒေသအသီးသီးကို ကွင်းဆင်းပြီးတော့လဲ Gender awareness session တေသွားကြတယ်။ အဲဒကနေ ရလာတဲ့ feedback တွေ အကုန်လုံးအပေါ် အကောင်အထည်ဖော်ဖို့ပေါ့နော်။” ဟု CGPFSC မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နည်းပညာကျွမ်းကျင် သူများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ ကွင်းဆင်း အသိပညာပေးမှုများ အကြိမ်ကြိမ်ပြု လုပ်ကာ အချက်အလက်များ ရယူစုဆောင်းသည်ဟု သိရသည်။

ချင်းလူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီး၊ အမျိုးသား၊ လိင်ကွဲပြားသူ (LGBTI) အပါအဝင် လူတိုင်း လူ့အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် ယဉ်ကျေးမှုနှင့် ဒေသန္တရလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားကာ ချမှတ်ထားကြောင်း သိရသည်။

ချင်းကျားမရေးရာ မူဝါဒ မူဘောင်ကို အခန်းကြီး ၉ ခန်းနှင့် အခြေခံမူ ၁၀ ချက်ဖြင့် ဖွဲ့စည်းထားပြီး၊ အခန်းကြီး ၇ ခန်းကို ကဏ္ဍ ၇ ခုအဖြစ် ခွဲခြားသတ်မှတ်ထားကာ ကျန် ၂ ခန်းမှာ အကောင်အထည်ဖော်မှုဆိုင်ရာ အပိုင်းများဖြစ်သည်ဟု သိရသည်။

မူဝါဒမူဘောင်တွင် အဓိကထည့်သွင်းဖော်ပြထားသည့် ကဏ္ဍ ၇ ခုမှာ (၁) အမျိုးသမီးများ၏ နိုင်ငံရေးအခန်းကဏ္ဍကို မြှင့်တင်ရန်၊ (၂) အမျိုးသမီးများ၏ လုပ်ငန်းပိုင်ဆိုင်ခွင့်ဆိုင်ရာ ကိစ္စများ၊ (၃) အားလုံးပါဝင်သော ပညာရေး (All-Inclusive Education) ဖြစ်အောင် တိုက်တွန်းနိုးဆော်ခြင်း၊ (၄) လူတိုင်း လက်လှမ်းမီနိုင်သော ကျန်းမာရေးဝန်ဆောင်မှုမျိုး ဖြစ်အောင် ထည့်သွင်းဖော်ပြထားခြင်း၊ (၅) ဥပဒေပြုရေးနှင့် အမွေဆက်ခံခွင့်ရရှိရေး၊ (၆) လက်ရှိ ပဋိပက္ခကာလတွင် အမျိုးသမီးများနှင့် ပတ်သက်၍ အသိအမှတ်ပြုပေးသည့် လမ်းညွှန်ချက်များ နှင့် (၇) ကျားမအခြေခံအကြမ်းဖက်မှု (Gender-Based Violence - GBV) များကို ကာကွယ်ပေးရေးနှင့် အသိအမှတ်ပြုပေးရေးတို့ ပါဝင်ကြောင်း ကော်မတီမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

CGPFSC သည် မူဘောင်ကို အတည်ပြုပြီးနောက် မကြာမီကာလအတွင်း လုပ်ငန်းအစီအစဉ်များကို စတင်အကောင် အထည်ဖော်သွားမည်ဟု သိရသည်။

ငွေကြေး၊ ကျားမရေးရာဆိုင်ရာ လေ့ကျင့်မှုပေးနိုင်မည့် တတ်သိပညာရှင်များ လိုအပ်ချက်နှင့် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများရင်ဆိုင်လာရနိုင်ကြောင်း သိရသည်။

“ကျွန်မတို့မှာ အများကြီး ရုန်းကန်ဖို့ရှိပါတယ်။ မြေပြင်မှာ ပြည်သူတွေကို ကျားမရေးရာ အသိပညာ ( gender awarenes) ပေးတဲ့ အပိုင်းပါမယ်။ နောက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို ချဉ်းကပ်ရမဲ့ အပိုင်းတွေ ပါမယ်။ အဲဒီလို ရှေ့ဆက်သွားဖို့ရှိတယ်။ အရေးကြီးတာက gender နဲ့ပါတ်သက်တဲ့ သင်တန်း တွေ၊ မွမ်းမံသင်တန်းလို့ ပြောရမလား စသဖြင့် လူ့စွမ်းအားအရင်ူအမြစ်မွေးထုတ်ဖို့လဲပဲ အများကြီး လိုအပ်တယ်။ ကျွန်မတို့ ပြည်သူလူထုရဲ့ ပူးပေါငးပါဝင်မှု၊ ငွေရေးကြေးရေးအပိုင်း၊ လူ့စွမ်းအားအရင်းအမြစ်တွေ နောက် နည်းပညာပိုင်းဆိုင်ရာတွေလဲ အများကြီး လိုအပ်လာမယ်။” ဟု CGPFSC မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်သူလူထုနှင့် တိုက်ရိုက်လက်လှမ်းမီနိုင်မည့် တိုင်ကြားမှု ယန္တရား မျိုးကိုလည်း ရှေ့ဆက်ဖန်တီးသွားရန် အစီအစဉ်ရှိကြောင်း၊ သက်ဆိုင်ရာ ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ပြင်ဆင်ထားသည်ဟု သိရသည်။

CGPF အနေဖြင့် ချင်းပြည်နယ်အတွင်း ကျား/မ ရေးရာမူဝါဒ ရှိနှင့်သော အဖွဲ့အစည်းများနှင့်လည်း ရှေ့ဆက် လက်တွေ့ကျကျအသုံးချနိုင်ရေးအတွက် ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် အစီအစဉ်များလည်းရှိကြောင်း သိရသည်။

ချင်းကျားမရေးရာမူဝါဒမူဘောင်လမ်းညွှ ဦးဆောင်ကော်မတီကို မူလက ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရန် စိတ်အားထက်သန်မှုရှိသော နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ လူပုဂ္ဂ ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

Most read this week

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...