စစ်ကော်မရှင်က ပုဒ်မ ၅၀၅ – က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့်နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပြန်ကြားရေးဌာနမှ ဦးကြည်တိုးအပါအဝင် နိုင်ကျဉ်းများ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
“အသက် ၉၀ အထိ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ အတူတူ အလုပ်လုပ်ဖို့အားတင်းထားတယ်”ဟု အင်းစိန် ထောင်မှ ယနေ့ ( နိုဝင်ဘာလ ၂၇ ရက်နေ့) ပြန်လည်လွတ်မြောက်လာသည့် ဦးကြည်တိုးက သတင်းမီဒီယာအချို့ရှေ့တွင် ပြောကြားခဲ့သည်။
ဦးကြည်တိုးအား စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုအရှိန်ပြင်းခဲ့သည့် ၂၀၂၁ ခုနှစ် (မတ်လ ၁၈ ရက်) က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် စစ်အုပ်စုကဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဦးကြည်တိုးတို့နှင့်အတူ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအနက် စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တန်း ဓာတ်ပုံသတင်းထောက်ဖြစ်သည့် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားလည်း ပါဝင်သည်ကိုတွေ့ရသည်။
ကိုဖိုးသားသည် ၂၀၂၃ ခုနှစ် (မေလ ၃ရက်) က ၅၀၅-က ဖြင့် လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်လာပြီးသည့်နောက် မီးတုတ်သပိတ်ကြောင့် ၂၀၂၄ စက်တင်ဘာလ ၁၉ ရက်က ထပ်မံဖမ်းဆီးခံရကာ ထိုပုဒ်မဖြင့် ထပ်မံအကျဉ်း ကျခဲ့ခြင်းဖြစ်သည်။
ထို့အတူ နာမည်ကျော်သရုပ်ဆောင်အနုပညာရှင် ခိုင်သင်းကြည်၏ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်လည်း လွတ်မြောက်လာကြောင်း ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဗဟိုအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ထောင်မှ အမျိုးသမီး ၇၈ ဦး၊ အမျိုးသား ၁၁၄ ဦး၊ စုစုပေါင်း ၁၉၂ ဦး ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကော်မရှင်လော်ဘီချန်နယ်များတွင်ဖော်ပြထားသည်။
ယခင်က ၅၀၅-က လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူအချို့နောက်တကြိမ် ထပ်မံကျုးလွန်ပါက လက်ကျန်ပစ်ဒဏ်များကို ပြန်လည်အကျဉ်းကျခံရမည်ဆိုသည့် စစ်ကော်မရှင်၏ရာဇဝတ်ကျင့်ထုံး ဥပဒေအရ ယခု ၅၀၅-က ဖြင့် ထပ်မံအကျဉ်းကျသူများကိုပါလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူနှင့်နီးစပ်သူများထံသိရသည်။
အာဏာသိမ်းကာလအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့်လည်းကောင်း၊ ထိုပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲခံရသူ ၅,၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး အမှုမှ လွှတ်ကြောင်း စစ်ကော်မရှင်က နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
ထို့ပြင် ပုဒ်မ ၅၀၅ – က ဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၃,၀၈၅ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ဆိုသည်။
စစ်ကော်မရှင်က မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။







