ရေးမြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးစဉ် လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ပြၚ်းထန်စွာ ရိုက်နှက်ထား

ရေးမြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးစဉ် လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ပြၚ်းထန်စွာ ရိုက်နှက်ထား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းက ဒေသခံလူငယ်တစ်ဦးကို ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ထားကြောင်း သတင်းအရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကော်မရှင် စစ်ကြောင်းသည်  ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က လိပ်ပုတ်ရွာဘက်သို့ ဝင်ရောက်လာချိန် ဥယျာဉ်ခြံတစ်ခုတွင် ရှိနေသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက်ထားခြင်း ဖြစ်သည်။

စစ်ကော်မရှင် စစ်ကြောင်းက ဖမ်းဆီးပြီး ရိုက်နှက်ထားရသည့် အဆိုပါလူငယ်ကိစ္စကို လိပ်ပုတ်ကျေးရွာအုပ်ချုပ်ရေးမှူးက မွန်ပြည်သစ်ပါတီထံ အကူအညီတောင်းခံပြီး မွန်ပြည်သစ်ပါတီက သွားခေါ်မှ ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့စစ်ကြောင်းထိုးတဲ့နေ့မှာ ဖမ်းတာ။ အရိုက်ခံထားတာ မနည်းဘူး။ အဲ့နေ့မှာပဲ ရွာကလူကြီးတွေ မွန်ပြည်သစ်ပါတီဘက်ကို သွားပြောတော့ မွန်စစ်သားတွေလာခေါ်မှ ပြန်လွှတ်ပေးတော့တယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင် စစ်ကြောင်းက ရိုက်နှက်ထားပြီး ပြင်းထန်ဒဏ်ရာရရှိထားသည် လူငယ်သည် မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။

စစ်ကော်မရှင် စစ်ကြောင်းထိုးလာသည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက် တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့သေးသည်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် လိပ်ပုတ်ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ အများစုက နေရပ်မပြန်နိုင်သေးသည့်အခြေအနေ ရှိသည်။

“ရွာအခြေအနေ ငြိမ်ပေမယ့်လည်း အများစုက မပြန်ရဲကြသေးဘူး။ သတင်းတွေ ကြားနေတာကလည်း စစ်ကြောင်းက အဲ့ဘက် ပြန်ထိုးလာနေပြီးတဲ့၊ ဒါမဲ့ ရွာထဲတော့ မရောက်သေးဘူး”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းသည် လိပ်ပုတ်ရွာမှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း ကျောင်းရွာဘက် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့်အပြင် ဒေသခံများကိုလည်း ဖမ်းဆီးငွေညှစ်နေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ဆိုသည်။

၎င်းအပြင် ရေးမြို့နယ်တွင် စစ်ကြောင်းထိုးခြင်းများ နေ့စဉ်လုပ်ဆောင်နေပြီး လက်ရှိတွင် အာယုတောင်ကျေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ရွာသစ်၊ ရွာကလေး၊ တောင်စွန်းကျေးရွာများသို့ နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်သည်။

June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
June 10, 2026
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ်...
ပုံ-IMNA Data Visualisation
June 9, 2026
မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်ကော်မရှင်...
June 8, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသဘက်တွင် လေကြောင်းအန္တရာယ်စိုးရိမ်ရသဖြင့်...