သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို ရှေ့တန်းတွင် စစ်တိုက်ထွက်ရန် အတင်းဖိအားပေးခေါ်ယူ နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစပြီး PNOခေါင်းဆောင် ခရိုနီနေဝင်းထွန်းကိုယ်တိုင် စံကားဒေသ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာ၊ ရေပူကျေးရွာနှင့် ညောင်လေးပင်း ကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံချိန်တွင် ဒေသခံများကို ပင်လောင်း-ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲဝင်ရန် တစ်ရွာလျှင် အရပ်သားနှစ်ဆယ် ဦးအထိ မဖြစ်မနေ သွားရမည်ဖြစ်ပြီး၊ မသွားသည့်သူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း အသက် ၂၅ နှစ် အရွယ်ရှိ စံကားဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိအချိန်တွင် စံကားဒေသအတွင်း စစ်ရေးငြိမ်သက်နေပြီး၊ စစ်ရေးပြင်းထန်နေသည့် ပင်လောင်း-ဖယ်ခုံဘက်သို့ သွားရောက်အင်အားဖြည့်ရန် PNO ခေါင်းဆောင် ခရိုနီ နေဝင်းထွန်းကိုယ်တိုင် လာရောက်စည်းရုံး ဖိအားပေးနေခြင်းဖြစ်သည်။
“အခု စံကားဒေသက စစ်သင်တန်း ၅ရက် တက်ဖူးတဲ့သူတွေ တိုက်ပွဲအတွေ့အကြုံရှိသူတွေကို ဦးစားပေးခေါ်ယူတာ။ ဘယ်သူမှလည်း မငြင်းရဲဘူးလေ။ နောက်ပြီး မသွားရင်ဖမ်းဆီးမယ်ဆိုတော့ သွားပေးရတာပါပဲ” ဟု ၎င်းလူငယ်က ဆိုသည်။
ထို့ကြောင့် PNO/PNA သည် စံကားဒေသ ၏ကျေးရွာကြီးနှစ်ခုဖြစ်သည့် ရေပူကျေးရွာနှင့် ထီရိကျေးရွာက အရပ်သားများကို ဦးတည်ပြီး ခေါ်ယူနေသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနစ် ဇူလိုင်လတွင် စံကားဒေသအတွင်း စစ်ကော်မရှင်တပ်၊ PNO/PNA ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်းခဲ့သည်။
ထိုအချိန်တွင်လည်း စံကားဒေသအတွင် အရပ်သားများကို PNO/PNA က အတင်းအဓမ္မတပ်သားစုဆောင်းပြီး ရှေ့တန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“အရင်ကလည်း အဲ့လိုပဲ အတင်းအဓမ္မခေါ်သွားပြီး ရှေ့တန်းပို့ခဲ့တာ။ ကျမရဲ့အသိ (၃)ယောက်ပါသွားတယ်။ အခုထိ သေလား၊ ရှင်လား မသိဘူး။ ပြန်လာတာ မတွေ့ဘူး။” ဟု စံကားဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
PNO/PNA ခေါင်းဆောင်များသည် စံကားဒေသခံများကို လာရောက်ခေါ်ဆိုရာတွင် ကိုယ့်ဒေသကို ကာကွယ်ရန် အတွက် ဟုပြောဆိုခဲ့သော်လည်း လက်ရှိသည် အခြားဒေသ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း ၎င်းကပြောသည်။
“စိုးရိမ်တာကတော့ အသက်တစ်ချောင်းပါပဲ အရင်စစ်သင်တန်းခေါ်တက်တုန်းကဆို ကိုယ့်ဒေသပြန် ကာကွယ်ဖို့ ပြောခဲ့တာကို အခုတော့ တစ်ခြားဒေသအထိပါ ထပ်ခေါ်သွားတာ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် မတ်လ မှစပြီး စစ်ကော်မရှင်နှင့် PNO/PNA တို့သည် စံကားဒေသကို ပြန်ထိန်းချုပ်ခဲ့ပြီး ဒေသခံများကို စစ်သင်တန်းပေးကာ ကျေးရွာအတွင်း ကင်းစောင့်ခိုင်းခဲ့သည်။
စံကားဒသေ အတွင်း ၂၀၂၄ခုနစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်၊ PNO/PNA ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၅ထောင်နီးပါးသည် အင်းလေးဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
ထို့နောက် ၂၀၂၅ခုနစ် သြဂုတ်လ ပထမပတ်တွင် တိုက်ပွဲများစတင်ငြိမ်လာသဖြင့် ၎င်းစစ်ဘေးရှောင် ၅၀၀၀ ကျော်သည် နေရပ်သို့ပြန်လာသော်လည်း PNO/PNA တို့က လူတစ်ဉီးကို တစ်လလျှင် ကျပ်ငွေ ၅ သိန်း ကောက်ခံနေပြီး မပေးနိုင်သူများကို PNO/PNA စစ်ဝတ်စုံ ဝတ်ခိုင်းပြီး ရှေ့တန်းသို့ ပို့ဆောင်ခဲ့သည်။
စစ်အာဏာသိမ်းပြီး ၅နှစ်တာအတွင်း စစ်ကော်မရှင် လက်အောက်ခံ PNO/PNA သည် သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ဆီဆိုင်မြို့နယ်၊ ပင်လောင်း မြို့နယ်နှင့် ညောင်ရွှေမြို့နယ် အတွင်းရှိ ကျေးရွာမှ လူထုများကို အတင်းအဓမ္မ တပ်သားစုဆောင်းသည်။
၂၀၂၄ခုနစ် စက်တင်ဘာတွင် PNO/PNA သည် ၎င်းတို့ ထိန်းချုပ်သည့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်း စစ်အင်အား သောင်းချီကို လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြလာခဲ့သည်။
Photo credit - PNO







