ကမ္ဘာကြီးမှာ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လို ဆက်သွယ်ရေးကွန်ယက်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာတာ ဆယ်စုနှစ်တွေ ကျော်လွန်လာခဲ့ပါပြီ။ လူမှုရေး၊ စီးပွားရေး နဲ့ ပညာရေး စတဲ့ လူတွေနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးမှာဆက်သွယ်ရေး ကဏ္ဍက မရှိမဖြစ်လိုအပ်ပါတယ်။
ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာ စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်သလို နောက်ဆုံးရသတင်းတွေနဲ့ နည်းပညာတွေကိုလည်း လူမှုကွန်ယက်တွေမှာ အချိန်နဲ့တပြေးညီ သိနိုင်ပါတယ်။
ဆက်သွယ်ရေးနည်းပညာဟာလည်း မကြုံစဖူးအမြန်နှုန်းနဲ့ တိုးတက်ဖြစ်ထွန်းနေပြီး 5G ကွန်ယက်ကို တိုးတက်တဲ့နိုင်ငံတွေမှာ သုံးနေကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် 6G ကွန်ယက်ကိုလည်း တရုတ်နိုင်ငံလို နည်းပညာမြင့်မားတဲ့ နိုင်ငံတစ်ချို့မှာစမ်းသပ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ပညာရေးဖက်မှာဆိုရင်လည်း ပညာရပ်ဆိုင်ရာ သင်တန်မျိုးစုံကို အွန်လိုင်းမှာ တတ်နိုင်သလိုမဟာဘွဲ့တွေအထိ အင်တာနက် ပေါ်မှာ သင်ယူနိုင်ပါတယ်။ ဒါ့ပြင်ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ခရစ်တိုငွေကြေးတို့လို အင်တာနက်ပေါ်ကငွေကြေးစနစ်တွေကို အချိန်တိုအတွင်း လုပ်ဆောင်နိုင်ပါတယ်။
ဒါကြောင့် အခုချိန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အင်တာနက် မရှိတဲ့ ကမ္ဘာကြီးကို ပြန်ကြည့်မယ်ဆိုရင် အမှောင်ထုကြီး ဖုံးနေသလို ခံစားမိကြမှာပါ။
အဲ့ဒီလို လူတွေရဲ့ နေ့စဉ်ဘဝ မှာ မရှိမဖြစ်အရေးပါတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်ဟာ အာရက္ခဒေသ လို့ ခေါ်ကြတဲ့ ရခိုင်ပြည်ထဲမှာတော့ ပျောက်ဆုံးနေပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းမရှိတာက စစ်ဘေးဒဏ်ခံနေကြရတဲ့ အာရက္ခလူထုအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။
ဆက်သွယ်ရေးဖြတ်တောက်မှုအစ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး ရခိုင်ပြည်မှာ အာရက္ခတပ်တော်က ၁၀၂၇ စစ်ဆင်ရေးနဲ့ အပြိုင် ထိုးစစ်တွေ ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အာဏာသိမ်း စစ်တပ်ဟာ ရခိုင်တပြည်လုံးနီးပါးကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခဲ့ပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်က မြို့နယ် ၁၄ ခု အပါအဝင် ပလက်ဝေဒသကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေတဲ့ အခုအချိန်ထိဆိုရင် အင်တာနက် ပိတ်ဆို့ခံထားရတာ ၂ နှစ်နီးပါး ရှိလာနေပြီဖြစ်ပါတယ်။
တကယ်တော့ အင်တာနက် ပိတ်ဆို့ခံရတာဟာ ရခိုင်လူထုအတွက် အသစ်အဆန်းတစ်ခု တော့ မဟုတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအစိုးရလို့ ခေါ်ဆိုနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရလက်ထက်မှာလည်း ရခိုင်ပြည်ထဲ ကမြို့နယ်ရှစ်ခုကို ၂၀၁၉ ခုနှစ် ဇွန်လ ကနေ ၂၀၂၀ ခုနှစ် ဩဂုတ်လထိအင်တာနက်ပိတ်ထားခဲ့ပါတယ်။
အဲဒီအချိန်တုန်းကဆိုရင် ရခိုင်ပြည်တွင်းမှာ အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလလည်း ဖြစ်တာကြောင့် အင်တာနက် အပိတ်ခံထားရတဲ့ မြို့နယ်တွေက ပြည်သူတွေဟာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
ဒါပေမယ့် ၂၀၁၉-၂၀၂၀ တုန်းက အခြေအနေနဲ့ လက်ရှိ ရခိုင်ပြည်နဲ့ အခြေအနေဟာ တော်တော်ကြီး ကွာခြားသွားခဲ့ပါပြီ။
အဲ့ဒီအချိန်တုန်းက ရခိုင်ပြည်ဟာ NLD အစိုးရရဲ့လက်အောက်မှာ ရှိနေခဲ့တာကြောင့် အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှုတွေ campaign တွေနဲ့ လှုပ်ရှားခဲ့ကြပြီး ရခိုင်ပြည်သူတွေအတွက်လည်း အင်တာနက် ပြန်သုံးခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် MPT ၊ Telenor စတဲ့ မိုဘိုင်းအော်ပရေတာတွေဟာလည်း ရခိုင်ပြည်တွင်းမှာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသေးတာကြောင့် ရခိုင်ဒေသဟာ ပြင်ပနဲ့ ဆက်သွယ်ရေး မပြတ်တောက်ခဲ့ပါဘူး။
အခုချိန်မှာတော့ ရခိုင်ဒေသ တစ်ခုလုံး နီးပါးကိုအာရက္ခတပ်တော်က ထိမ်းချုပ်ထားတာကြောင့် အာဏာသိမ်း စစ်တပ်အနေနဲ့ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဖုန်းလိုင်းနဲ့ အင်တာနက် ပြန်ဖွင့်ပေးဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
ဒါ့အပြင် ရခိုင်ပြည်တွင်းက အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေမှာ မိုဘိုင်းဖုန်းအော်ပရေတာတွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို စစ်ကော်မရှင်အမိန့်နဲ့ ရပ်ဆိုင်းထားကြပါတယ်။
စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေမှာတော့ ပြီးခဲ့တဲ့လကစပြီး စစ်တပ်ပိုင် Mytel နဲ့ MPT ဖုန်းလိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။
ဆက်သွယ်ရေးပြတ်တောက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး လက်ရှိအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံးဆိတ်သုန်းလုနီးပါး ဖြစ်နေပါတယ်။ ဒါက လူမှုဘဝတစ်ခုလုံးအပေါ်မှာ ရိုက်ခတ်မှု အင်မတန်ပြင်းထန်ပါတယ်။
ဒေသခံတွေအတွက် နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်အခြေအနေတွေကို သိဖိုအတွက် အခက်အခဲတွေ အများကြီး ရှိလာပါတယ်။ သတင်းအချက်အလက်တွေ မလုံလောက်တာကြောင့် သတင်းမှားတွေ အလွယ်တကူ ပျံ့နှံ့နိုင်ပြီး လူထုကြားမှာ စိုးရိမ်ကြောင့်ကြမှု၊ အကြောက်တရားတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရနိုင်ပါတယ်။
အင်တာနက်နဲ့ ဖုန်းလိုင်းမရတာက ကျောင်းသားလူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ကြီးမားတဲ့ ဆိုးကျိုးတွေကို ယူလာပါတယ်။ အွန်လိုင်းသင်တန်းတွေ၊ သုတေသန အခွင့်အလမ်းတွေနဲ့ အင်တာနက်ပေါ်မှာ စူးမ်းလေ့လာမှုတွေ အသုံးမပြုနိုင်တာကြောင့် ပညာရေး တိုးတက်မှုနှုန်းကို ကျဆင်းစေပါတယ်။ ဒါ့အပြင် လူငယ်တွေအတွက် အလုပ်ကိုင်အခွင့်လမ်းတွေနဲ့ နိုင်ငံရပ်ခြားက စကော်လားရှစ်တွေကို လျှောက်ထားခွင့် ဆုံးရှုံးစေပါတယ်။
ရခိုင်မှာ အသေးစားလုပ်ငန်းတွေနဲ့ လုပ်ငန်းရှင်ကြီးတွေအတွက် အင်တာနက်က ဈေးကွက် သတင်းအချက်အလက်နဲ့ ထုတ်ကုန်တွေကို ရောင်းချဖို့ထိ အရေးကြီးတဲ့ ကိရိယာ ဖြစ်ပါတယ်။ အင်တာနက်မရှိတာက ပြင်ပဈေးကွက်နဲ့ ချိတ်ဆက်မလုပ်ဆောင်တာကြောင့် အကျိုးမြတ် ဖြစ်ထွန်းမှု လျှော့နည်းတာ၊ ကုန်ဈေးနှုန်း အတက်အကျကြမ်းတာတို့ ဖြစ်ပေါ်လာပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အချိန်တွေ၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားတဲ့အခါ ဖုန်းလိုင်းနဲ့ အင်တာနက် မရှိတာကြောင့် ဒေသခံပြည်သူတွေအတွက် အရေးပေါ် အကူအညီ တောင်းဆိုဖို့ဆိုရင်တောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက အချိန်မီတုံ့ပြန့်မှုမရနိုင်ပါဘူး။
အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာက ရခိုင်အတွက်သတင်းအချက်အလက် နည်းပါးမှု၊ ပညာရေးကျဆင်းမှု၊ စီးပွားရေး ယိုယွင်းမှုနဲ့ လူမှုဖွဲ့စည်းမှု လျော့ကျမှုတွေကို ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် အာရက္ခပြည်သူ့အစိုးရအနေနဲ့ နိုင်ငံ့အဆင့် သတ်မှတ်ပြီး လွတ်လပ်တဲ့ ဆက်သွယ်ရေးခွင့်အရေးကို အရေးတကြီး အထူးအလေးထားပြီး ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။
အာရက္ခတပ်တော်ရဲ့ ကြိုးပမ်းမှုStar Link အင်တာနက်ကို ကိုယ်ပိုင်ဝယ်ယူသုံးစွဲတာကို အာရက္ခတပ်တော်က လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၆ လ လောက်ကစပြီး အာရက္ခတပ်တော်က မြို့နယ်တစ်ချို့မှာ Star Link အင်တာနက်ကဖီးတွေ ဖွင့်ပေးခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နည်းပညာဌာနက ဖွင့်ပေးတာလို့ နားလည်ရပြီး အသုံးပြုခအနေနဲ့ တစ်နာရီကို ၅၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ ကောက်ခံခဲ့ပြီး နောက်ပိုင်းမှာတော့ ၂၀၀၀ ကျပ်အထိ လျှော့ချပေးခဲ့ပါတယ်။
ဒါပေမယ့် ဖွင့်ပေးတဲ့ နေရာအရေအတွက်နည်းပြီး အသုံးပြုသူတွေများတာ၊ အချိန်အကန့်အသတ်နဲ့ သုံးစွဲရတာ၊ ပြည်သူအများစုအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် လက်လှမ်းမမီနိုင်တာ စတဲ့ အခက်ခဲတွေ အများကြီးရှိနေပါတယ်။
အာရက္ခတော်လှန်ရေးအစိုးရက Star Link အင်တာနက် ငှားရမ်းအသုံးပြုမှုဆိုင်ရာ ပြဌာန်းချက်တစ်ခုကို ပြီးခဲ့တဲ့ လတွေက ပြဌာန်းခဲ့ပါတယ်။ ဒါက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက်သာ ရည်ရွယ်တာဖြစ်ပြီး လျှောက်မယ့်သူက မြို့နယ်အုပ်ချုပ်ရေးရုံးမှာ လျှောက်ထားရမယ်လို့ ဆိုပါတယ်။ ငှားရမ်းသူ တစ်ယောက်သာ သုံးစွဲခွင့် ရှိပြီး အများပြည်သူတွေကို သုံးစွဲခွင့်ရတဲ့ အင်တာနက်ကဖီးတွေလိုမျိုး လုပ်ဆောင်ခွင့် မရှိဘူးလို့ နားလည်ရပါတယ်။
နည်းပညာဌာနကနေ Star Link အင်တာနက်ကို လစဉ်ကြေးနဲ့ ငှားရမ်းရတဲ့ ပုံစံသာဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူ သုံးစွဲခွင့်မရှိပါဘူး။ ဒါ့ပြင် ကန့်သတ်ချက်တွေများပြီး လစဉ်ကြေးဟာလည်း သာမန်ပြည်သူတွေ မတတ်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် သာမန်ပြည်သူတွေအနေနဲ့ အင်တာနက်သုံးစွဲခွင့်ရဖို့ အလှမ်းဝေးနေအုံးမှာပါ။
အာရက္ခဒေသ ဆက်သွယ်ရေးကဏ္ဍ အနာဂတ် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်မှာ အင်တာနက်နဲ့ ဆက်သွယ်ရေးကဏ္ဍအတွက် ကိုယ့်အားကိုယ်ကိုးရမယ့် အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။
ကမ္ဘာအနှံ့မှာ ဆက်သွယ်ရေးလုပ်ငန်းစုတွေဟာ ဝင်ငွေအတော်ကောင်းတဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။ အာရက္ခတော်လှန်ရေးအစိုးရ အနေနဲ့လည်း ရခိုင်ပြည်ရဲ့ဆက်သွယ်ရေးကဏ္ဍကို ပြန်လည် အကောင်ထည်ဖော်ဖို့ဆိုရင် ရေတို ရေရှည်နည်းလမ်းနှစ်ခုနဲ့ စဉ်းစားနိုင်ပါတယ်။
“Star Link ဆိုတာ သမရိုးကျ ဆက်သွယ်ရေးကဏ္ဍရဲ့ အနာဂတ် ဖြစ်တယ်” လို့ Star Link ကုပ္ပဏီ ပိုင်ရှင် အီလွန်မက်စ် က ပြောပါတယ်။ တကယ်လည်း Star Link ဟာ ခေတ်သစ် ဆက်သွယ်ရေးနည်းပညာတွေမှာ ဦးဆောင်နေပါတယ်။
အိန္ဒိယလို နိုင်ငံတွေမှာဆိုရင် Star Link နဲ့ ဒေသတွင်း မိုဘိုင်းအော်ပရေတာတွေ ပူးပေါင်းပြီး အင်တာနက် ကွန်ယက်တွေကို တိုးချဲ့နေကြပါတယ်။ အာရက္ခဒေသလို အဖက်ဖက်က ပိတ်ဆို့ခံထားရတဲ့ ဒေသတွေအတွက် Star Link အင်တာနက်ဟာ ရိုးရှင်းတဲ့အဖြေ ဖြစ်ပါတယ်။
ရေတိုအနေနဲ့ ဖြေရှင်းမယ်ဆိုရင် Star Link အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခွင့်ရအောင် ဖန်တီးပေးသင့်ပါတယ်။ ဒါက အင်မတန်ရိုးရှင်းတဲ့ နည်းစနစ်ဖြစ်ပြီး အသုံးပြုရလည်း လွယ်ကူပါတယ်။ ပြုပြင်ထိန်းသိမ်းစရိတ်လည်းမရှိတဲ့အပြင် လူ့စွမ်းအားအရင်းအမြစ်ကိုလည်း လျော့ချနိုင်ပါတယ်။
Star Link အင်တာနက်ကိုသာ အာရက္ခတပ်တော်က ထိန်းချုပ်မထားဘဲ ပုဂ္ဂလိက အင်တာနက်ကဖီးတွေကို လုပ်ငန်းလိုင်စင်တွေချပေးပြီး လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် လူတိုင်းလက်လှမ်းမီနိုင်တဲ့ အနေထားတစ်ခုကို ရောက်လာနိုင်ပါတယ်။
ရေရှည်အတွက်ကတော့ အာရက္ခပြည့်သူ့တော်လှန်ရေးအစိုရရဲ့ နည်းပညာဌာနအနေနဲ့ ရှိပြီးသား အခြေခံ အဆောက်အဦးတွေ ဖြစ်တဲ့ တာဝါတိုင်၊ BTS စတာတွေအပေါ် အခြေခံပြီး ကိုယ်ပိုင် အင်တာနက်ကွန်ယက်နဲ့ တယ်လီဖုန်းလိုင်းတွေ ရအောင်တယ်လီကွန်းကွန်ယက် အသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားသင့်ပါတယ်။
ရခိုင်မှာ စစ်အုပ်စုပိုင်တဲ့ Mytel နဲ့ MEC လက်အာက်မှာရှိတဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ ပိုင်ဆိုင်တဲ့ တာဝါတိုင်ပေါင်း ၄၀၀ ကနေ ၆၀၀ကြား ရှိနိုင်ပါတယ်။ ဒီအရေအတွက်က အာရက္ခဒေသတစ်ခုလုံးကို တယ်လီကွန်းဝန်ဆောင်မှုတွေ ပေးဖို့ လုံလောက်တဲ့ အနေအထား ဖြစ်ပါတယ်။
ဒါ့ပြင် ရခိုင်တစ်ပြည်လုံးအနှံ့ကို 2G၊ 3G နဲ့ 4G ကွန်ယက်တို့အတွက် ဖိုင်ဘာ (fiber) နဲ့ မက်ခရိုဝေ့ဖ် (Microwave) တွေ ဖြန့်ကျက်ထားပြီးသား ဖြစ်တာကြောင့် အာရက္ခတော်လှန်ရေး အစိုးရအနေနဲ့ ကောင်းကောင်း အသုံးချလို့ရပါတယ်။
ဒါက မလွယ်ကူပေမယ့် အရမ်းကြီးခက်တဲ့ အခြေအနေမှာ မရှိပါဘူး။အခြေခံ အဆောက်အဦးတွေ ရှိပြီးသား ဖြစ်တာကြောင့် ဒေသတွင်းကနည်းပညာကျွမ်းကျင်သူတွေကို ခေါ်ယူပြီး နိုင်ငံခြားကပညာရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ပါက တစ်နှစ်အတွင်း ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။
ပြည်သူလူထုနဲ့ တော်လှန်ရေးအစိုးရအနေနဲ့လည်း လုံခြုံစိတ်ချရတဲ့ တယ်လီကွန်းကွန်ယက်ကို သုံးစွဲနိုင်မှာ ဖြစ်သလို အစိုးရအနေနဲ့လည်း Star Link ကို ပေးနေရတဲ့ လစဉ်ကြေးတွေကို တိုင်းပြည်ဘဏ္ဍာငွေထဲ ထည့်နိုင်ပြီး ဝင်ငွေတွေ ပိုတိုးလာမှာ ဖြစ်ပါတယ်။
ဒီလို ရေတိုရေရှည် စီမံကိန်းတွေနဲ့ စနစ်တကျ အကောင်ဖော်ကြရင် ရခိုင်ပြည်ရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ တစ်နှစ်အတွင်း ဦးမော့လာနိုင်ပါတယ်။
တိုးတက်တဲ့ ကမ္ဘာကြီးရဲ့ မရှိမဖြစ်အရေးပါလှတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်ဟာအာရက္ခ ပြည်ထဲမှာတော့ လူတိုင်း လက်လှမ်းမမီနိုင်သေးတဲ့ အနေထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။ မိုဘိုင်းအော်ပရေတာတွေ မရှိပေမယ့် အနည်းဆုံး Star Link အင်တာနက်ကို လူတိုင်း လွတ်လပ်စွာ သုံးစွဲခွင့်ရဖို့ အာရက္ခပြည်သူတွေ မျှော်လင့်နေကြပါတယ်။
Reference:
- Human Rights Watch (2020). “Shutdown in Rakhine: The World’s Longest Internet Blackout.”
- Myanmar Now (2021). Internet Restrictions in Conflict Areas.
- Athan. (2024, March 14). Myanmar Junta Cuts Communications in Around 80 Myanmar’s Townships: Report. The Irrawaddy.
- Myanmar Internet Project. (2024). The Situation of Digital Repression in Myanmar in the Year 2024 (Part 1). February 2024.
- Access Now. (2025). Myanmar: Why is junta shutting down internet? Deutsche Welle (DW) – 27 February 2025.







