ရခိုင်မှတဆင့် မီဇိုရမ်သို့ အဓိကကုန်သွယ်ရာလမ်းများကို ပြင်းထန်ဝမ်းရောဂါကြောင့် ယာယီပိတ်

ရခိုင်မှတဆင့် မီဇိုရမ်သို့ အဓိကကုန်သွယ်ရာလမ်းများကို ပြင်းထန်ဝမ်းရောဂါကြောင့် ယာယီပိတ်

ရခိုင်မှတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကုန်သွားကူးသည့် အဓိကကုန်သွယ်ရေးလမ်းများကို ပြင်းထန်ဝမ်းရောဂါကြောင့် ယနေ့မှစ၍ ယာယီပိတ်လိုက်ပြီဟု သိရသည်။

ပိတ်လိုက်သည့်လမ်းများမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ ကာကီ၊ တွီဒန်းနှင့် တက်ပုချေ စသည့်လမ်းများဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ယာယီပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု မီဇိုရမ်ရောက် ရခိုင်ကုန်သည်များနှင့် ပလက်ဝဒေသခံများက ပြောသည်။

ကာကီနှင့် တွီဒန်းလမ်းကို ယနေ့နံနက် ၆ နာရီမှ စတင်ပိတ်ထားလိုက်ခြင်းဖြစ်ပြီး တက်ပုချေလမ်းကို ယနေ့မွန်းတည့် ၁၂ နာရီတွင် စတင်ပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု မီဇိုရမ်ရောက် ရခိုင်ကုန်သည် ကိုကျော်လင်းက နိရဉ္စရာကို ပြောသည်။

“ရခိုင်ဘက်ကသူတွေကိုလည်း အတက်မပေးဘူး။ ဒီဘက်ကသူတွေကိုလည်း ဆင်းခွင့်မပေးဘူး။ လောင်တလိုင်ကလည်း ထွက်လို့မရဘူး။ နယ်စပ်ဘက်တွေကိုလေ။ အဲဒီမှာ ရဲသားဂိတ်တွေချပြီး အဲလို လမ်းတွေမှာ ဂိတ်ချပြီး ပိတ်တာ။ အဲဒါက အခုလောလောဆယ်ကတော့ ခုနစ်ရက်တစ်ပတ်လို့တော့ ပြောတယ်။ တက်ပုချေတို့၊ ခြိမ်ခုံတို့ပေါ့လေ။ ခုနစ်ရက်တစ်ပတ်လို့တော့ပြောတယ်။ ကာကီနဲ့ တွီဒန်းက ဘယ်လောက်ကြာမယ် မပြောတတ်ဘူး”ဟု ပြောသည်။

ယခုပိတ်လိုက်သည့် နေရာများသည် ရခိုင်မှ ကုန်သည်များ မီဇိုရမ်ပြည်နယ်သို့ ကုန်သွားကူးရာတွင် အဓိက ဖြတ်သန်းသွားလာနေရသည့် လောင်တလိုင်ခရိုင်အတွင်းရှိ လမ်းများဖြစ်သည်ဟု သိရသည်။

အဆိုပါလမ်းများကို ယနေ့မှစ၍ ယာယီပိတ်လိုက်သည်မှာ ဟုတ်မှန်သည်ဟုလည်း နောက်ထပ် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

“ယာယီနားခိုင်းထားတာ။ လုံးဝပိတ်လိုက်တာတော့ မဟုတ်ဘူး။ ကျန်းမာရေးကြောင့် ဒီဘက်ကိုကူးစက်လာတော့ အဲဒီအတွက် သက်သာသွားအောင် အဲလိုပိတ်ထားတာ”ဟု ပြောသည်။

ယခုကဲ့သို့ အဆိုပါလမ်းများအား ယာယီပိတ်လိုက်သည့်အတွက် ရခိုင်မှ မီဇိုရမ်သို့ လောလောဆယ်တွင် ကုန်သွားကူး၍ မရနိုင်တော့သလို မီဇိုရမ်မှ ကုန်စည်များကို အားထားနေရသည့် ရခိုင်ပြည်သူများအတွက်လည်း ကုန်စည်များပြတ်တောက်ကာ ကုန်ဈေးနှုန်းများ မြင့်တက်သွားနိုင်မည်ဟု ကုန်သည်များက ခန့်မှန်းနေကြသည်။

မီဇိုရမ်သို့ ရခိုင်မှတဆင့် ကုန်သွားကူးသူများကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်ကလည်း လောင်တလိုင် လူငယ်များအဖွဲ့က ယာယီတားဆီးပိတ်ပင်ခဲ့သည့်အတွက် ကုန်စည်များပြတ်တောက်ကာ ဈေးနှုန်းများ မြင့်တက်ခဲ့သေးသည်။

လက်ရှိဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်စပ် ပလက်ဝမှ စစ်ဘေးရှောင်များ ခိုလှုံနေသည့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ ကာကီနှင့် တွီဒန်းကျေးရွာနှစ်ရွာနှင့် ရှာဟာခရိုင်၊ လောင်မဆူကျေးရွာတို့တွင် ယခုနိုဝင်ဘာလအစပိုင်းရက်များမှစတင်ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါရောဂါကြောင့် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်အထိ ကာကီကျေးရွာတွင် ဒေသခံနှင့် စစ်ဘေးရှောင် စုစုပေါင်း ခြောက်ဦးသေဆုံးသွားခဲ့ပြီဟု ချင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မူးဝေ၊ အော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောပြီးနောက် အားပြတ်ကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါရောဂါသည် ကူးစက်မြန်လျက်ရှိသည့်အတွက် လူစုလူဝေးများမလုပ်ကြရန်နှင့် တစ်ရွာနှင့်တစ်ရွာ အဝင်အထွက်များကိုလည်း ယာယီကန့်သတ်ပိတ်ပင်ထားမှုများရှိသည်ဟု ချင်းဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အဲဒီဝမ်းရောဂါကြောင့် လူသေဆုံးမှုအဖြစ်များတဲ့ အဲဒီကာကီကျေးရွာပေါ့နော်။ အဲဒီကာကီကျေးရွာကတော့ လုံးဝ ကျေးရွာအဝင်အထွက် လော့ဒေါင်းချထားတယ်ပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေကလွဲပြီးတော့ ကျန်တဲ့လူတွေ အဝင်အထွက်လုပ်လို့မရဘူးပေါ့နော်”ဟု ပြောသည်။

အဆိုပါရောဂါသည် ပလက်ဝခရိုင်၊ ရှင်းလက်ဝတိုက်နယ်မှ ဒေသခံများနှင့် ကုန်သည် စုစုပေါင်း ၃၀၀ ဦးခန့်တွင်လည်း ကူးစက်ခံနေရသည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနက ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲမှ (၃၀)ဦးသည် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလိုက်ရ၍ လက်ရှိအချိန်တွင် ပြန်သက်သာလာပြီဖြစ်ပြီး နောက်ထပ်ကူးစက်မှုမရှိစေရန်လည်း တားဆီးကာကွယ်ကုသမှုများကို လုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...