လွှတ်တော် ဥက္ကဌက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ အကြား သဘာဝတွင်းထွက် သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေးအဖွဲ့နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော် ဥက္ကဋ္ဌက “အလားတူပဲ တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စု အစိုးရခိုင်းတယ်ဆိုပြီး လုပ်တယ်ဆိုရင်လည်း တိုင်းဒေသကြီးအစိုးရ တာဝန်ပဲဖြစ်တယ်”ဟု ဆိုသည်။
“လုပ်ငန်းကို လုပ်ဆောင်ဖြစ် မလုပ်ဆောင်ဖြစ်ဟာ ပြည်ထောင်စုအစိုးရ သဘောထားပဲ ဖြစ်တယ်”ဟု လည်း ၎င်းက ဆိုပြီး ပွဲတက်ရောက်ခြင်းသည် လုပ်မည်၊ မလုပ်မည်ဟု အဖြေပေးရန် မဟုတ်ဟုလည်း ပြောကြားလိုက်သည်။
ယင်းကဲ့သို့ စီမံကိန်းကို ပြည်ထောင်စု အစိုးရဖြစ်စေ၊ တိုင်းဒေသကြီး အစိုးရဖြစ်စေ ပြုလုပ်မည်ဆို သော်လည်း ပြည်သူလူထု အကျိုးစီးပွား ထိခိုက်မည် ဆိုပါက ကာကွယ်ပေးရန်မှာ လွှတ်တော် ကိုယ်စားလှယ်၏ တာဝန်ဖြစ်ပြီး တိုင်းဒေကြီး လွှတ်တော်အနေဖြင့် ပြည်သူလူထု သဘောထားကို ထင်ဟပ်ပိုင်ခွင့်ရှိသည်ဟု ရေကြည် မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ဆိုသည်။
“သက်တမ်း လေး၊ငါးလ အတွင်းမှာ ပြည်သူလူထုကော၊ ပညာရှင်တွေကော၊ လွှတ်တော် ကိုယ်စား လှယ်တွေ တားမြစ်နေမှု ကြားမှာ ဘာကြောင့်တိုးပြီး လုပ်ဆောင်ချင်တာလဲ။ ငါးလအတွင်းမှာ အကျိုးကျေးဇူးကပြည်သူလူထုအပေါ်မှာလား နိုင်ငံတော်အပေါ်မှာလား ဘယ်သူ့ အပေါ်မှာ အကျိုးကျေးဇူးပြုမယ်ဆိုတာ ပြည်သူတွေ တွက်ဆမိမယ်လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
ငရုပ်ကောင်းကျောက်မီးသွေးစက်ရုံကို ဂျပန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ A1 Energy တို့က မဂ္ဂါဝပ် ၃၀၀ ရှိသည့် စက်ရုံ နှစ်ခု တည်ဆောက်မည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ကို ၂၅နှစ် လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုမည် ဖြစ်သည်။
ကျောက်မီးသွေးစက်ရုံတည်ဆောက်မည် အစီအစဉ်အား ပြန်လည်သုံးသပ်သင့်သည်ဟု တိုက်တွန်း ကြောင်း အရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေကြည်မြို့နယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက နိုဝင်ဘာ ၁၄ရက်က ကျင်းပသည့် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့သည်။
စက်ရုံတည်ဆောက်ရန် ကွင်းဆင်းစစ်ဆေးမှုများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလနှင့် ဇူလိုင်လတို့တွင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။ စက်ရုံ နှစ်ရုံအတွက် စုစုပေါင်းမြေနေရာမှာ ဧက ၂၀၀ ၀န်းကျင်ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားကို ဧရာဝတီတိုင်းဒေသကြီးရှိ စက်မှုဇုန်များကို ဖြန့်ဖြူးပေးမည်ဖြစ်သည်။
ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုအတွက် ငရုပ်ကောင်းဒေသခံ ၈၀၀၀ ကျော်က နိုင်ငံတော် သမ္မတထံ လက်မှတ်ရေးထိုး ကန့်ကွက်ထားသည်။







