ဖားကန့်တိုက်ပွဲများအတွင်း အရပ်သား ၂ ဦး သေဆုံး

ဖားကန့်တိုက်ပွဲများအတွင်း အရပ်သား ၂ ဦး သေဆုံး

ကချင်ပြည်၊ ဖားကန့်မြို့နယ်က တိုက်ပွဲများ အတွင်း ပေါက်ကွဲမှုများကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကာမိုင်းမြို့မှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကော်မရှင် စစ်ကြောင်းသည် စစ်ကား တစ်စီးနှင့် ဖားကန့်မြို့ထဲ ဝင်လာစဥ် မှော်စီဆာကျေးရွာ အရောက် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ်များက မိုင်းထောင် တိုက်ခိုက်ခဲ့သည်။

တော်လှန်ရေး အင်အားစုများ၏ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကော်မရှင်တပ်ဖွဲ့များ စီးနင်းလာသည့် ကားနောက် ကပ်လိုက်လာသည့် သားအမိနှစ်ဦး မိုင်းဆ ထိမှန်သေဆုံးခဲ့ရပြီး ယမန်နေ့ကမူ မှော်စီဆာ - ဖားကန့် လမ်းမပေါ် တွင် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့ရပြန်သည်။

“ဖားကန့်မြို့ထဲကို ရောက်လာတာကတော့ အတိအကျ ပြောရင် ၉ ရက်နေ့က ဖြစ်မယ်။ ဖားကန့်ကို ကာမိုင်း ဘက်က ဝင်လာတာ။ အဲ့ဒီဝင်လာတဲ့ အင်အားနဲ့ ဖားကန့်နယ်မြေခံ အင်အားနဲ့ ပူးပေါင်းပြီးတော့ နယ်မြေ စိုးမိုးမှု ရရှိရေး သူတို့တွေ လုပ်နေတာ။ သူတို့က ရွေးကောက်ပွဲကာလမှာ နယ်မြေစိုးမိုးမှုရရေးနဲ့ လမ်းကြောင်းတွေ ထိန်းချုပ်ဖို့ လို့ထင်တယ်။” ဖားကန့်မြို့ကို စစ်ကော်မရှင် အင်အားဖြည့်တင်းလာသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ရပ်မိရပ်ဖလည်း ဖြစ်၊ မြို့ခံတစ်ဦးလည်း ဖြစ်သည့် အမျိုးသားတစ်ဦးက သုံးသပ်ရှင်းပြသည်။

အဆိုပါ စစ်ကော်မရှင် စစ်ကြောင်း ကားမိုင်းဆွဲ တိုက်ခိုက်ခံရမှုအပြီး စစ်ကော်မရှင် တပ်သားများက ၎င်းတို့ တိုက်ခိုက်ခံခဲ့ရသည့် အနီးအနားရှိ အရပ်သား နေအိမ်များကို စီးနင်းခဲ့သေးသည်။

ထို့အပြင် စစ်ကော်မရှင် စစ်ကြောင်း တိုက်ခိုက်ခံရမှုတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များလည်း သေဆုံးဒဏ်ရာရခဲ့ သည် ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ထို့နောက် ကျန်ရှိသော စစ်သားများက အရပ်သား ကားများကို ချောဆွဲကာ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြပြီး စစ်ကော်မရှင် စစ်ကြောင်း တစ်ခုလုံးသည် မှော်စီဆာကျေးရွာရှိ SKY Hotel တွင် ယမန်နေ့ညအထိ အထိုင်ချ တပ်စွဲခဲ့ကြသည်ဟု ဆိုသည်။

“မှော်စီဆာ SKY Hotel မှာက စစ်တပ်က တပ်ဆွဲထားခြင်း မရှိတော့ပါလို့ ပြောလာတာကြောင့် ဝမ်းသာမလို့ ရှိတုန်း မှော်စီဆာရွာ မိန်းလမ်းမကြီးဘက် အုန်းအုန်းနဲ့ ပြင်းထန်တဲ့ ပေါက်ကွဲသံ နှစ်ချက်ကြား။ မှော်စီဆာ တောင်ပေါ် ကျောင်းနဲ့ ချမြစ်ချင်းဝန်းထဲ ကျရောက်ပေါက်ကွဲ” ဟု ဆိုကာ ယနေ့ ဖားကန့်မြို့ အခြေအနေကို အော်ဇော်မိုး- ဖားကန့် ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

ဖားကန့်မြို့တွင် အောက်တိုဘာလ တတိယအပတ်မှ စတင်ကာ တိုက်ပွဲများ ငြိမ်သက်နေရာမှ ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ နှစ်ဖက်တပ်များ အကြား ထိတွေ့မှုများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်ပြီး ယနေ့ထိ နှစ်ဖက် ကြား ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်နှင့် ကာမိုင်းကြားရှိ လမ်းကြောင်း တစ်လျှောက်၌ စစ်ရေးတင်းမာမှုများ မြင့်တက် နေပြီး၊ နယ်မြေရှင်းလင်းရေးနှင့် လမ်းကြောင်း ထိန်းချုပ်မှုများကြောင့် အရပ်သားပြည်သူများ၏ လုံခြုံရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

Photo credit - CJ

Most read this week

December 23, 2025
ကချင်ပြည်ထဲက မိုးကောင်း၊ ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့်...
December 22, 2025
ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်တပ်က မဲမထည့်မနေရ ဖိအားပေးနေပြီး အတုအယောင်...
December 19, 2025
တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း CDM ဆရာမ တစ်ဦးနှင့် သူ၏  ခင်ပွန်းတို့ ဓါးဖြင့်...
December 18, 2025
စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက် လက်...