ကသည်းလက်နက်အဖွဲ့ နာဂဒေသထဲဝင်‌ရောက်နိုင်ဖို့ ကြိုးပမ်းနေ

ကသည်းလက်နက်အဖွဲ့ နာဂဒေသထဲဝင်‌ရောက်နိုင်ဖို့ ကြိုးပမ်းနေ

အိန္ဒိယနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေထဲကို ဝင်ရောက်ဖို့ကြိုးပမ်း‌နေတယ်လို့ သိရပါတယ်။

မဏီပူပြည်နယ်မှာ အခြေစိုက်ထားတဲ့ ကသည်း(Meitei) လူမျိုးစုအခြေပြု လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကသည်းလက်ကိုင်အဖွဲ့ဟာ နိုဝင်ဘာလန်ဆန်းပိုင်းကနေစပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲကို ဝင်ရောက်ဖို့ ချဉ်းကပ်လာနေပြီး လက်ရှိ လေရှီးအနောက်ဘက်ခြမ်း ရောက်နေပြီလို့ လေရှီးဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“သူတို့အင်အား တစ်ရာကျော်တယ်ပြောတယ်။ လေရှီးအနောက်ခြမ်း ဆွမ္မရာဘက်ကနေဝင်လာတာ နယ်စပ်ထဲရောက်နေပြီတဲ့ အခြေအနေကတော့ တင်းမာနေတယ်။ အဲ့ဘက်က NSCN-K နှစ်ဖွဲ့စလုံးရှိတော့ သူတို့နဲ့ တိုက်ပွဲက အချိန်မရွေး ထဖြစ်နိုင်တယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲ့ဒီကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်ဟာ အင်အား ၁၀၀ ဝန်းကျင်သုံးပြီး နိုဝင်ဘာ ၅ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ တမူးမြို့ဘက်ကနေတဆင့် လေရှီးမြို့နယ်၊ ဆွမ္မရာမြို့ထဲ ဝင်ရောက်လာကာ နိုင်ဝင်ဘာလ ၉ ရက်နေ့ မနေ့ကအထိတော့ ဆွမ္မရာချောင်းတစ်ဖက်ကမ်းအထိ ရောက်နေပြီလို့ သိရပါတယ်။

ကသည်းအဖွဲ့တွေ ခုလို စိမ့်ဝင်လာနေတဲ့သတင်းကြောင့် နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ NSCN (အန်းမိုင်း)အဖွဲ့နဲ့ NSCN-K (ယုန်းအောင်)အဖွဲ့တွေက ဆွမ္မရာမြို့အထွက် နယ်စပ်တကြောမှာ စစ်အင်အား အလုံးအရင်း ချထားတာကြောင့် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း‌ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဒီဘက် NSCN-K အဖွဲ့တွေလည်း ဆွမ္မရာချောင်းဒီဘက်ကနေ စောင့်နေကြတယ်။ ကျော်လာရင်တော့ ပစ်ဖို့ အဆင်သင့်အနေအထားပဲ။ ဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ တိုက်ပွဲ ဖြစ်လာမှာလည်း မလိုလာဘူး”လို့ သူက ဆက်ပြောပါတယ်။

ကသည်း လက်နက်ကိုင်အဖွဲ့နဲ့ NSCN-K အဖွဲ့တွေအကြား စစ်ရေးတင်းမာနေတာကြောင့် ဆွမ္မရာမြို့အနီးတဝိုက် ကျေးရွာနေ ပြည်သူတချို့ ကြိုတင်တိမ်းရှာင်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေ သုံးသပ်ချက်အရ အဲ့ဒီ ကကည်း လက်နက်ကိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီတပ်တွေ တပ်ဆုတ် စွန့်ခွာခဲ့တဲ့ ပန်ဆပ်ကျေးရွာအနီးက စခန်းကုန်းမှာ တပ်စွဲဖို့ ဝင်ရောက်လာတာဖြစ်နိုင်တယ်လို့ သုံးသပ်‌ နေကြပေမယ့် အသေးစိတ်သိရဖို့ KNG က ကြိုးစား‌နေဆဲဖြစ်ပါတယ်။

လက်ရှိ ကသည်းလက်နက်ကိုင်တွေ စိမ့်ဝင်လာနေတဲ့ ဆွမ္မရာမြို့ဟာ အိန္ဒိယ–မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်းက အစွန်ဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။

ကသည်း လက်နက်ကိုင်တွေဟာ နာဂဒေသထဲ စိမ့်ဝင်လာရုံမကပဲ ပြီးခဲ့တဲ့ ၂၀၂၃၊ ၂၀၂၅ ခုနှစ်တွေမှာလည်း တမူးမြို့နယ်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခန ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် ကသည်းလက်နက်ကိုင်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှာ အခြေစိုက်ထားပေမယ့် အိန္ဒိယအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...