မိုးကုတ်မြို့မှ စစ်ဘေးတိမ်းရှောင်ဖို့ ကားခ တစ်ဦး ကျပ်ရှစ်သိန်းအထိ မြင့်တက်လာနေ

မိုးကုတ်မြို့မှ စစ်ဘေးတိမ်းရှောင်ဖို့ ကားခ တစ်ဦး ကျပ်ရှစ်သိန်းအထိ မြင့်တက်လာနေ
Photo credit - CJ
Photo credit - CJ

TNLA က တပ်ပြန်ဆုတ်မယ့် မိုးကုတ်မြို့မှာ စစ်ဘေးတိမ်းရှောင်ဖို့အတွက် ကားလက်မှတ်ခတွေဟာ တစ်ဦးကို ကျပ်ရှစ်သိန်းအထိ ဒီနေ့မှာ မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုးကုတ်မြို့ကို TNLA က တပ်ပြန်ဆုတ်မှာ ဖြစ်ပေမယ့် PDF များက ဆက်လက်ကာကွယ်သွားမယ်လို့ ကြေညာထားပြီး တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်ကြတဲ့အတွက် စစ်ဘေးတိမ်းရှောင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကားခတွေ စျေးမြင့်တက်နေပမယ့်လည်း တစ်ရက်ကို ကားအစီးရေ ၂၀ ကျော် မိုးကုတ်ကနေ ထွက်ခွာနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“အခု ဒီနေ့ ကားလက်မှတ်ခ ပေါက်စျေးက တစ်ယောက်ကို ရှစ်သိန်းရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေပဲ စစ်ရှောင်လို့ရတာ၊ မရှိရင်မလွယ်ဘူး။ တစ်ရက်ကို အခုကြည့်နေတာ ကားအစီး ၂၀ ကျော်လောက် ထွက်နေတယ်။ ဂိတ်ဖွင့်တဲ့အချိန်ကစလို့ သူတို့က အစောကြီးထွက်ကြတာ” လို့ ယာဉ်လိုင်းတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ 

မိုးကုတ်-မိုးမိတ်လမ်းပိုင်း အဲ့ဒီကနေတဆင့် တကောင်း၊ ကြာညှပ်မှတဆင့် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကနေ မန္တလေးကို စစ်ဘေးရှောင်ကြတာပါ။ 

မိုးကုတ်မှာ တိုက်ပွဲကြီးမားလာနိုင်တဲ့ စိုးရိမ်မှုတွေကြောင့် ဒေသခံစစ်ရှောင်တွေအပြင် ဒေသခံလုပ်ငန်းတချို့ ပိတ်သိမ်းပြီး ထွက်ခွာမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့သိမ်းတိုက်ပွဲကို TNLA နဲ့အတူ ပါဝင်ခဲ့တဲ့  မိုးကုတ်ဗျူဟာအပါအဝင် PDF တပ်တွေဟာ အင်အားတိုးချဲ့ထားပြီး TNLA က မြို့ထဲက တပ်ဆုတ်မယ့် အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ PDF တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

“အခုကတော့ ကလေးတွေ (PDF) တွေလည်း အင်အားတွေအများကြီး ဖြည့်ထားတယ်။ တိုက်ပွဲကတော့ ကြီးကြီးမားမားဖြစ်မယ့်ပုံပဲ။ ပလောင်(TNLA) ကတော့ မဆုတ်သေးဘူး။ အေးအေးဆေးဆေးလေး ရှိသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့ကနေ စစ်ဘေးမတိမ်းရှောင်သူတချို့ကလည်း TNLA က တပ်ပြန်ဆုတ်မယ့် အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာမယ့် အခြေအနေမှသာ တိမ်းရှောင်ကြမယ်လို့ သိရှိရပါတယ်။ 

မိုးကုတ်မြို့ကို ဝင်ရောက်မယ့် လမ်းပိုင်းတွေထဲက မိုးကုတ်-မန္တလေးလမ်းပိုင်းက ဖော့တောလမ်းဆုံ၊ မိုးကုတ်-ပြင်ဦးလွင် လမ်းပိုင်းက ဒိုးပင်ကျေးရွာနဲ့ မိုးကုတ်-ကျောက်မဲလမ်းပိုင်းက မိုင်းတင်းကျေးရွာတွေကို စစ်တပ်က ပြန်လည် ထိန်းချုပ်ထားပြီလည်း ဖြစ်ပါတယ်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...