အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

မကွေးတိုင်းအနောက်ခြမ်း၊ ငဖဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Asho က အောက်တိုဘာလ အတွင်း အကျဉ်းသား ၁၀၀ ကျော်အပါအဝင် ကျေးရွာဒေသခံ လူနာစုစုပေါင်း ၂၇၀ ကျော်ကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာအတွင်း CDF – အရှိုရဲဘော် တပ်ဖွဲ့ဝင် ၄၆ ဦး၊ အကျဉ်းသား ၁၀၄ ဦး၊ အရပ်သား ၆၇ ဦး၊ ကျေးရွာများကို ရွေ့လျားကုသမှုဖြင့် ဆေးကုသမှု ပေးနိုင်သော လူနာ ၆၀ ဦး စသည့် CDF - အရှို စခန်းအားလုံးနှင့် ကျေးရွာဒေသခံလူနာ စုစုပေါင်း ၂၇၇ ဦးကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု CDF - အရှိုထံမှ သိရသည်။

ယခုလို အရပ်သားပြည်သူများကိုပါ ဆေးဝါးကုသမှုများပေးနိုင်ရန် ဆေးဝါးအလှူ သီးခြား ပံ့ပိုးပေးပါသော ပြည်တွင်းပြည်ပမှ ဝန်းရံထောက်ပံ့သူများအား မိဘပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

“ပြီးခဲ့တဲ့လ ကုသမှု ပေးခဲ့ရတဲ့ လူနာတွေထဲမှာ အများဆုံးက ရာသီတုပ်ကွေးတွေ အဖြစ်များကြပါတယ်။ အဓိကက လမ်းခရီးခက်ခဲမှုနဲ့ ဆေးဝါးမလုံလောက်မှုတွေတော့ အနည်းငယ်ရှိခဲ့ပါတယ်၊၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကတော့ ၄၀ ရာခိုင်နှုန်းလောက်ရှိပါမယ်၊၊ အကျဉ်းသားတွေထဲမှာလည်း ရာသီတုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးဖျားနာ၊ ထိခိုက်ရှနာ စတာတွေကြောင့် ကုသပေးခဲ့ရတာတွေလည်း ရှိပါတယ်” ဟု CDF - အရှို၊ ဆေးဌာနမှူး မိုင်းအိုင်ယူက ပြောသည်။

လူနာများတွင် ရာသီတုပ်ကွေ ဖြစ်ပွားမှုကို အများဆုံးကုသပေးခဲ့ရပြီး ငှက်ဖျား၊ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ ဆေးဝါးကုသမှု ပေးနိုင်ရန် ဆေးဝါးအလှူ ပံ့ပိုးကူညီပေးသော ပြည်တွင်းပြည်ပမှ ဝန်းရံထောက်ပံ့သူများကို ကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

CDF - အရှိုတပ်ဖွဲ့သည် စက်တင်ဘာလဆန်းမှစတင်၍ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာသော စစ်ကော်မရှင်တပ် စစ်ကြောင်းများကို အခြားတော်လှန်ရေး မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခြင်းနှင့်အတူ ခုခံ/ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု နိုဝင်ဘာလဆန်းပိုင်းက အသိပေးထုတ်ပြန်ထားသည်။

စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်မှ စစ်မှုထမ်းရန် စုဆောင်းခြင်း ခံရသော တပ်ဖွဲ့ဝင် ၂၆ ဦးကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ CDF - အရှို ရဲဘော် ၂ ဦး ကျဆုံးပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦး၊ အခြားထိခိုက်ဒဏ်ရာ ရရှိသူ တပ်ဖွဲ့ဝင် ၇ ဦး ရှိသည်ဟု သိရသည်။

February 28, 2026
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နွေရာသီကာလ မီးဘေးအန္တရာယ်...
February 27, 2026
ချင်းပြည်လွှတ်တော်သည် ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ...
February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...