ကတုံစိကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ဒရုန်းနှင့်လက်နက်ကြီးများပစ်ချခံနေရပြီး ဒေသခံအချို့ ယာယီပြောင်းရွှေ့

ကတုံစိကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ဒရုန်းနှင့်လက်နက်ကြီးများပစ်ချခံနေရပြီး ဒေသခံအချို့ ယာယီပြောင်းရွှေ့

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ကတုံစိကျေးရွာအတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရပြီး ဒေသခံပြည်သူအချို့ လုံခြုံရေးအတွက် ယာယီပြောင်းရွှေ့နေရကြောင်း သိရသည်။

ကတုံစိကျေးရွာအနီး ဘိလပ်မြေစက်ရုံ (MCL) တွင် တပ်စွဲထားသည့် စစ်ကော်မရှင်အဖွဲ့များမှ ၄င်းတို့ တပ်စွဲထားသောနေရာမှတစ်ဆင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များရှိနိုင်သည့်နေရာသို့ ဒရုန်းဖြင့် ခြိမ်းခြောက် ပစ်ခတ်မှုများ ပြုလုပ်နေသည်။

ထိုကြောင့် ကတုံစိကျေးရွာအတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် လက်နက်ကြီးနှင့်ဒရုန်းများ မကြာခဏ ကျရောက်ပေါက်ကွဲနေသည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်တပ်က ဒရုန်းတွေနဲ့ ပစ်ခတ်နေတယ်။ လက်နက်ကြီးတွေနဲ့လည်း တစ်ခါတစ်ခါ ၁၂ ကြိမ် ၁၃ ကြိမ်လောက်တောင် ပစ်တာ။ သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို ချိန်ပစ်နေတာ။ သူတို့ ပစ်ခတ်တာက လူတွေမထိပေမယ့်လဲ လူနေအိမ်အနီးအနားတွေမှာ ကျနေတယ်။ ရွာသူရွာသားတွေကလဲ ကြောက်နေကြတယ်" ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် လူနေထိုင်ရာနေအိမ်အတွင်း ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်ရသဖြင့် လုံခြုံရာနေရာများသို့ ပြောင်းရွှေ့နေကြသည်ဟု ဆိုသည်။

ဒေသခံများက ကျိုက်မရောမြို့နယ်အတွင်းရှိ နီးစပ်ရာဆွေးမျိုးများရှိရာနေရာအပြင် မော်လမြိုင်မြို့ဘက်သို့လည်း ပြောင်းရွှေ့သွားသူများရှိသည်ဟု သိရသည်။

"စစ်ကော်မရှင်က ဘိလပ်မြေစက်ရုံးဘက်မှာ တပ်ချထားတယ်။ အဲဒီကနေပဲ ဒရုန်းတွေနဲ့ လက်နက်ကြီးနဲ့ ရွာဘက်ကို လိုက်ပစ်နေတယ်။ သူတို့ပစ်တဲ့ဟာက ရွာအနီးအနား အိမ်အနီးအနားတွေမှာ ကျရောက် ပေါက်ကွဲနေတယ်။ ဒါကြောင့် ဒေသခံတွေက ကြောက်လန့်ပြီး ပြေးနေရတယ်။ ဒါပေမယ့် တချို့က မပြေးနိုင်ကြတော့ ရွာမှာပဲဆက်ရှိနေတယ်"ဟု ကျိုက်မရောဒေသခံက ဆိုသည်။

ယနေ့အထိ စစ်ကော်မရှင်တပ်ဖွဲ့များ (MCL) ဘိလပ်မြေစက်ရုံအပြင် ကတုံစိကျေးရွာ အနီးအနားတစ်ဝိုက်တွင်လည်း တပ်စွဲနေထိုင်နေဆဲဖြစ်ပြီး လမ်းသွားလမ်းလာသူများနှင့် နေအိမ်များကို လိုက်လံစစ်ဆေးကာ လုံခြုံရေးလည်းတင်းကြပ်ထားကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရေးလုပ်ဆောင်နေစဉ် ကတုံစိကျေးရွာ နေအိမ်များအတွင်း သိုလှောင်ထားသော ထိုင်းကုန် ပစ္စည်းများကို ကုန်တင်ယာဉ်ကြီး ၆ စီးဖြင့် ပြီးခဲ့သည့်အောက်တိုဘာ ၃၀ ရက်နေ့က ကျိုက်မရောမြို့ဘက်သို့ သယ်ဆောင်သွားခဲ့သေးသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် အောက်တိုဘာ ၂၆ ရက်နေ့မှစ၍ ကျိုက်မရောမြို့နယ်အတွင်းသို့ စစ်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်မှုလုပ်ဆောင်လာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာထားရကြောင်း သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...