ရခိုင်-မကွေးကြားက ငဖဲအပိုင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာနှင့် မျက်နှာချင်းဆိုင် ကာကင်းစခန်းကုန်းတစ်ခုနှင့် ပဇီရွာအနီးအနားရှိ ကုန်းတစ်ခုကို အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်းတပ်တို့က ဆက်လက်သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။
အကြမ်းဖက်စစ်တပ်၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကုန်းနှင့် မျက်နှာချင်းဆိုင် ကုန်းတစ်ကုန်းနှင့် ပဇီရွာဘုရားကုန်းအား AA နှင့် ပူးပေါင်းတပ်တို့က ယခုရက်ပိုင်းအတွင်း ထပ်မံ သိမ်းပိုက်ထားသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
“နတ်ရေကန်လမ်းဟောင်းပိုင်းက မျက်နှာချင်းဆိုင်ကာကင်းကုန်းပေါ့ သိမ်းတာ။ အနီးဆုံးကာကင်းကုန်း။ ပြီးတော့ နောက်တစ်နေရာက ရိုးပေါ်ကပဲ။ ပဇီရွာနားကကုန်းတစ်ကုန်းကိုသိမ်းထားတယ်” ဟု ပြောသည်။
ယခုသိမ်းပိုက်ထားသည့်သတင်းကို AA က ထုတ်ပြန်ထားခြင်းမရှိသေးပါ။
ပဇီနှင့် လှိုင်ရွာကြားရှိ ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကို AA နှင့်ပူးပေါင်းတပ်တို့က သိမ်းပိုက်ထားသော်လည်း နောက်ဆုတ်သွားသည့် အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင်များနှင့် အသစ်ထပ်မံစစ်ကြောင်းထိုးတက်လာသည့် စစ်ကြောင်းတို့ပူးပေါင်းကာ သိမ်းထားသည့်နေရာများသို့ ထိုးစစ်ဆင်လာသဖြင့် ပဇီရွာ တောင်အောက် ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“ပဇီရွာရဲ့ အနီးအနားဝန်းကျင်မှာရှိတဲ့ ကာကင်းကုန်းကို သိမ်းထားတယ်။ ပဇီနဲ့ လှိုင်ရွာကြားက ကုန်းပေါ့။ သူတို့ဖက်က ထိုးစစ်ပြန်ဆင်လို့ တိုက်ပွဲဖြစ်လို့ရှိတယ်။ ဂျက်တွေ၊ ဒရုန်းတွေနဲ့ပစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်းတောင်ကိုရအောင် လမ်းဟောင်း၊ လမ်းသစ်ဖြင့် ထိုးဖောက်နေသည့် စစ်ကြောင်းနှစ်ကြောင်းနှင့် ဂုတ်ကြီးရွာအနီးတဝိုက်၊ ပဇီနှင့်လှိုင်ရွာကြားတို့၌ AA တို့နှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကို စားနပ်ရိက္ခာထောက်ပို့နှင့် အင်အားဖြည့်နိုင်ရန် အတွက် ကပစ(၁၄)နှင့် ဇမြွန်းဖက်မှ လမ်းဟောင်းလမ်းအား အကြမ်းဖက်စစ်တပ်အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ ရှေ့သို့ချီတက်လမ်းဖောက်နေကြောင်းလည်း သိရသည်။
နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာကုန်းမှာ အဖက်ဖက်ကဝိုင်းရံပိတ်ဆို့ခံထားရပြီး စားနပ်ရိက္ခာများ ပြတ်လပ်လျက်ရှိကြောင်း သိရသည်။
AA ၏ အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် “နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ ကစဉ့်ကလျား ထွတ်ပြေးနေကြသော ရန်သူများနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်” ဟု ဖော်ပြထားသည်။
အလားတူ အောက်တိုဘာ ၁၇ ရက်နေ့က AA ၏ ထုတ်ပြန်ချက်ထဲတွင်လည်း နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်မှ အကြမ်းဖက်စစ်သားများ ကစဉ့်ကလျားထွက်ပြေးနေကြပြီး တပ်ဖွဲ့ဝင်အချို့သည် အာရက္ခတပ်တော်ထံတွင် အလံဖြူထောင် လက်နက်ချကာအလင်းဝင်ရောက်လျက် ရှိကြသကဲ့သို့ အချို့ကို တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိမှုများလည်းရှိနေသည်ဟု ဖော်ပြထားသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရ ဗျူဟာသည် ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။
ပဒါန်းလမ်းပေါ်မှ ငဖဲအပိုင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ် AA ထံ ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်ခံရပြီးနောက် ကပစ(၁၄)တွင် ခြံစည်းရိုးများကိုအခိုင်အမာပြုလုပ်ပြီး ပတ်ပတ်လည်တွင်လည်း မိုင်းများထောင်ကာ လုံခြုံရေးကင်းများအပြည့်ချထားကြောင်း သိရသည်။
AA က နတ်ရေကန်ဗျူဟာတပ်စခန်းကိုလည်း တိုက်ခိုက်လျက်ရှိပြီး နတ်ရေကန်ကျသွားလျှင် ပဒါန်းရှိ ဆုံကုန်းအမြောက်တပ်ထံ AA ထိုးစစ်ရောက်လာနိုင်သလို စစ်ကောင်စီအတွက် အရေးပါသည့် ကပစ စက်ရုံများသို့လည်း AA ဆက်လက်ရောက်ရှိနိုင်သည့်အတွက် မကွေးတိုင်းရှိ ကပစ စက်ရုံများတွင် ခံစစ်အကြီးအကျယ်ပြင်ဆင်ထားကြောင်း သိရသည်။







