“သား၊ သမီး နဲ့ ဇနီးကို ပြန်မြင်ချင်တာ ဒီဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒလေးပါ”

“သား၊ သမီး နဲ့ ဇနီးကို ပြန်မြင်ချင်တာ ဒီဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒလေးပါ”

ဒီအောက်တိုဘာလဟာ အမှောင်ကမ္ဘာတခုလို ဖြစ်သွားခဲ့တာ ကိုဘိုးဒူ တယောက်အတွက် ၂ နှစ်ကျော် ကြာခဲ့ပါပြီ။ သူတို့မိသားစု နေထိုင်တဲ့ စစ်ရှောင်စခန်းက တဲအိမ်လေးထဲမှာ ကိုဘိုးဒူ တယောက် အဖော်မဲ့၊ ကမ္ဘာမဲ့ ရှင်သန်နေရတာပါ။ အိမ်ပြင်ဝရံတာမှာပဲ အိပ်တလှည့်၊ ထတလှည့်နဲ့ တနေ့ပြီးတနေ့ အကြားအာရုံနဲ့သာ ငေးမောနေရင်း အတွေးများနေရသူပါ။

မိုင်းနင်းမိလို့ အမှောင်ကမ္ဘာထဲမှာ ဒုက္ခိတအဖြစ် ရှင်သန်သွားရသူ ကိုဘိုးဒူ ပြောပြတာက “အဲ့တုန်းက မြေပဲ စိုက်ထားတော့ မြေပဲလည်း ဥကောင်းတယ်ဆိုတော့ တောင်ယာခင်းထဲမှာ မိုင်းမရှိနိုင်ပါဘူး ဆိုပြီး သွားလိုက်တာ။”

“တလန်နှစ်လန်လောက်ပဲ မြေပဲ နုတ်ရသေးတယ်၊ တယောက်တည်းပဲ နုတ်လိုက်တော့ နုတ်ရင်း…နုတ်ရင်းနဲ့ စိတ်ထဲမှာတော့ ဘယ်လိုပြောရမလဲ မလုံခြုံဘူးပေါ့။ မလုံခြုံဘူးလို့ ခံစားတော့ ခံစားရတယ်၊ ဒါပေမယ့်လည်း မြေပဲက ဥကောင်းတော့ လောဘစိတ်လည်း နည်းနည်းပါတာပေါ့။”

မြေမြှုပ်မိုင်း နင်းမိခဲ့စဉ်က အကြောင်းကို ကိုဘိုးဒူက တခုချင်းစီ အသေးစိတ်စွာနဲ့ စာရေးသူကို ပြန်ပြောင်း ပြောပြနေတာပါ။

အဲ့ဒီဖြစ်စဉ်ကြောင့် ကိုဘိုးဒူဟာ ခြေထောက်တဖက်နဲ့ မျက်လုံးနှစ်လုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ ကိုဘိုးဒူဟာ အသက် ၃၄ နှစ်သာ ရှိသေးတဲ့ ကလေးငယ် နှစ်ဦးရဲ့ ဖခင်ကောင်း တဦးပါ။

အရင်တုန်းကတော့ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတရွာ ဇာတိဖြစ်တဲ့ ကိုဘိုးဒူတယောက်ဟာ မိသားစုပိုင် ခြံလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုကာ မိသားစုနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ပါတယ်။ အခုချိန်မှာတော့ ဒီလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ မဆိုထားနှင့်။ သူ့ရဲ့ နေ့သဓူဝ ကိစ္စတွေမှာတောင် မိသားစုဝင်တွေရဲ့ အကူအညီနဲ့ပဲ ဖြတ်သန်းနေရတာပါ။

၂၀၂၂ ခုနှစ်မှာ စစ်ကော်မရှင်က ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာကို စစ်ကြောင်းထိုးလာခဲ့ပြီး တပ်စွဲခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်မရှင်တပ် ပြန်ဆုတ်သွားပြီးတဲ့နောက် ၂၀၂၃ ခုနှစ်ရဲ့ အောက်တိုဘာလမှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက နေအိမ်ခြံ ပြန်ကြည့်တာ၊ ခြံထဲက စပါး၊ မြေပဲသိမ်းယူတာ ပြုလုပ်ကြပါတယ်။ အဲ့ဒီအထဲမှာ ကိုဘိုးဒူတယောက်ကလည်း ကျေးရွာအနီးက စိုက်ထားခဲ့တဲ့ မြေပဲခင်းထဲမှာ တယောက်တည်း မြေပဲသိမ်းယူနေရင်း မိုင်းနင်းမိသွားတာပါ။

အဲ့ဒီလို မိုင်းနင်းမိသွားတဲ့အချိန် ဘေးနားမှာ ဘယ်သူမှမရှိသလို အကူအညီလည်းမရတော့ ဘေးပတ်ဝန်းကျင်ကို အော်ခေါ်ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

“မိုင်းနင်းမိစတဲ့အချိန်ဆို ကိုယ့်ခြေထောက် ရှိသေးရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းကြည့်သေးတယ်။ ပြန်စမ်းကြည့်တဲ့အချိန် တဖက်က မမိတော့ဘူးလေး၊ ဘေးနားက တောင်ယာစပါး သွားပုတ်တဲ့သူရှိတယ်၊ အဲဒါနဲ့ အကူအညီ လှမ်းအော်တောင်းပြီးတော့ သူတို့လာသယ်ထုတ်ပြီးတော့ ဆေးခန်းပို့ပြီးတော့ တလကျော်လောက် ဆေးကုသမှု ခံယူခဲ့ရတာပေါ့” လို့ သူရင်ဆိုင်ခဲ့ရတဲ့ ဖြစ်စဉ်ကို ဆက်ပြောပြပါတယ်။

“အခုလက်ရှိ အခြေအနေက အဆင်မပြေဘူး။ ဘယ်လိုပြောရမလဲ မျက်စိပါထိတော့ မမြင်ရတော့ တယောက်တည်း အိမ်မှာပဲ ဘယ်သူမှလဲ အဖော်မရှိ။ သွားလဲ မသွားမလာနိုင်၊ အိမ်အပြင်ရဲ့ ဝရံတာမှာပဲ ထိုင်နေပြီးတော့ ဟိုငေး၊ ဒီငေး၊ ဟိုတွေး ဒီတွေးနဲ့ စိတ်က ထိခိုက်လာတာပေါ့။ဝမ်းနည်းရတယ်…ကြေကွဲရတယ်။ အကူအညီတွေ လိုတာပေါ့၊ ဘယ်လိုပြောရမလဲ ကိုယ်လုပ်ချင်တဲ့ အလုပ်တခု အိမ်သာသွားတာဖြစ်ဖြစ် အများကြီးခက်ခဲတာပေါ့။” ကိုဘိုးဒူက သူ့ရဲ့ လက်ရှိအခြေအနေကို ပြောပြပါတယ်။

ကိုဘိုးဒူတယောက်ဟာ တနေ့တနေ့ မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်နေရတာနဲ့ ကလေးနှစ်ယောက်ရဲ့ အနာဂါတ်ကို တွေးပူပန်နေရတာနဲ့ သူ့ရဲ့ နေ့စဉ်ဘဝကို ပူပန်မှုတွေနဲ့သာ ဖြတ်သန်းနေရရှာပါတယ်။ အခုလို ဒုက္ခိတဘဝ ရောက်ရတာက ကိုယ့်ကြောင့်သာ ဖြစ်ရတယ်လို့ ခံစားမိတဲ့အချိန်နဲ့ မိသားစုအပေါ် တာဝန်

မကျေတော့ဘူးဆိုတဲ့ အတွေးဝင်လာရင် ပိုပြီးဝမ်းနည်းရတယ်လို့ သူက ပြောပါတယ်။

“အများကြီး စိုးရိမ်ရတယ်၊ ဘာဖြစ်လို့လဲဆို အမျိုးသမီးလည်း သူက မိန်းကဆိုတော့ ကိုယ်က အိမ်ထောင်ဦးစီး ဖြစ်တဲ့အတွက် အစစအရာရာ မိသားစုအတွက် လုပ်ကျွေးရမယ်ဆိုတော့ အမျိုးသမီးလည်း အိမ်ထောင်ဦးစီးနေရာ ယောကျာ်းလေးနေရာ မလုပ်ပေးနိုင်ဘူး။ သားသမီးလည်း ရှိတော့ အများကြီး ဒုက္ခ ရောက်တာပေါ့။ သား၊သမီးအတွက်လည်း တော်တော်လေးကို ခံစားရတာပေါ့” ကိုဘိုးဒူက သူရဲ့ ခံစားချက်ကို ပြောပြပါတယ်။

ကိုဘိုးဒူဟာ ဒီကာလမှာ သူတယောက်တည်း ခက်ခဲနေတာ မဟုတ်တဲ့အတွက် သူ့ရဲ့ အခက်အခဲ ဝမ်းနည်းမှုတွေကို ရင်ဖွင့်ပြောပြချင်ရင်တောင် သူတပါးကို အားနာမှုနဲ့ပဲ ကြိတ်မှိတ်ခံစားနေတယ်လို့ ဆိုပါတယ်။ တခါတရံမှာလည်း သူ့ရဲ့ ခက်ခဲမှုကို ဝေမျှမိလို့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုကိုလည်း ခံစားခဲ့ရတယ်လို့ ကိုဘိုးဒူ တယောက် စာရေးသူကို ရင်ဖွင့်ပြောပြလာပါတယ်။

ကိုယ်ခန္ဓာ အစိတ်အပိုင်းတချို့နဲ့ မျက်လုံးမမြင်ရတော့တာကို မိသားစုမှာ အိမ်ထောင်ဦးစီးလည်းဖြစ်တဲ့ ကိုဘိုးဒူဟာ စိုးရိမ်မှုသက်သာစေဖို့နဲ့ အရာရာကိုရင်ဆိုင်ဖို့ သတ္တိနဲ့ ခွန်အားတွေဟာ သူရဲ့ သားလေးနဲ့ သမီးအပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ ချစ်ခြင်းတွေက သူ့ရဲ့ ခါးသီးတဲ့ လောကဒဏ်ချက်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်စေနေတာပါ။

အခုတော့ မြေမြှုပ်မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးပြီး မျက်စိကွယ်သွားရတဲ့ ကိုဘိုးဒူတယောက် သူ့ဘဝရဲ့ အဖြစ်ချင်ဆုံးကတော့ ချစ်ရတဲ့ ဇနီးလေး၊ သမီးနဲ့ သားလေးကိုပဲ မြင်ချင်သူပါ။

“ဘဝရှေ့လျှောက်က မျက်စိပြန်မြင်ချင်တယ်၊ ဒါက အဖြစ်ချင်ဆုံးဘဝပဲ။ မျက်စိမြင်ရရင် စိတ်သက်သာရာ ရတယ်။ ဘာမဆို လုပ်လို့ရတယ်။ အခုက မျက်စိမမြင်ရတော့ ဘာမှလုပ်လို့လည်း မရဘူး။ သွားလို့လည်း မရဘူး။ ကလေး နှစ်ယောက်ကို မြင်ချင်တာပေါ့။ အခုဆို အကြီးက မိန်းကလေး အငယ်က ယောကျာ်းလေး၊ ၈ နှစ် တယောက်နဲ့ ၂ နှစ်ကျော် တယောက် ရှိတာ။ အရမ်းမြင်ချင်တယ်။”

Most read this week

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...