မြစ်ကြီးနား-မြစ်ဆုံလမ်း လမုန်ဇွပ်ဂိတ်မှာ အထက်ဘက်မယ့် ကားတွေကို ဂိတ်ဖြတ်ခွင့်ပိတ်ထား

မြစ်ကြီးနား-မြစ်ဆုံလမ်း လမုန်ဇွပ်ဂိတ်မှာ အထက်ဘက်မယ့် ကားတွေကို ဂိတ်ဖြတ်ခွင့်ပိတ်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနား-မြစ်ဆုံလမ်း လမုန်ဇွပ်ကျေးရွာမှာရှိတဲ့ စစ်ကော်မရှင်ဂိတ်ကနေ ဒီကနေ့ မနက်ပိုင်းကစပြီး မြစ်ကြီးနား-ပူတာအိုတက်မယ့် ကားတွေကို ဂိတ်ဖြတ်ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ဂိတ်စောင့်တပ်သားတွေကနေ ပူတာအိုတက်မယ့်ကားတွေကို ပြန်လှည့်ခိုင်းနေပြီးတော့ အခုလို လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အကြောင်းအရင်းအတိအကျကိုတော့ မသိရှိရဘူးလို့ ကားသမားနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“လောလောဆယ်ကတော့ သူက ပြန်ခေါက်ခိုင်းတယ်။ လမ်းပိတ်တယ်လို့ ပြောပြီး ခေါက်ခိုင်းတယ်။ ဘယ်အချိန်ပြန်ဖွင့်မယ် ဘာညာတော့ ဘာမှမပြောဘူး။ အဲဒီထက်ပိုပြီးမှတော့ ဘာမှမသိရသေးဘူး။"လို့ ဆိုပါတယ်။

ကားသမားတွေဟာ ကရိန်နော်အပန်းဖြေရိပ်သာ၊ ရွှေစက်လမ်းဆုံနားတွေမှာ ကားတွေရပ်နားပြီး ဂိတ်ဖြတ်ခွင့် ပြန်လည် ရ/မရ စောင့်ဆိုင်းနေကြတာရှိတယ်လို့လည်း ကြားသိရတာပါ။

ဒါ့အပြင် မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း မြစ်ဆုံဂိတ်မှာ နေ့လယ်အချိန် ခေတ္တဂိတ်ဖြတ်ခွင့် ပိတ်ထားပြီး ဒီကနေ့ မနက်ပိုင်းတော့ သတင်းတစ်စုံတစ်ရာ မကြားရတဲ့အတွက် အဲဒီဂိတ်ကနေ ကားသမားတွေ အထက်ဘက် သွားလို့ရသွားတဲ့ သဘောရှိတယ်လို့လည်း ဆိုပါတယ်။

ကားသမားနဲ့ နီးစပ်သူ နောက်ထပ် ပြည်သူတစ်ဦးရဲ့‌ ပြောပြချက်အရ မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်သားတွေကနေ စစ်ကြောင်းထိုးတဲ့ အခြေအနေလည်း ရှိတယ်လို့ ဆိုပါတယ်။ သီးခြားတော့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

အခုလို လမုန်ဇွပ်ဂိတ်ကနေ ဖြတ်သန်းခွင့် ရုတ်တရက် ပိတ်လိုက်တဲ့အတွက် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း စစ်ရေးတင်းမာလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မြစ်ကြီးနား-ပူတာအိုလမ်းပိတ်ခဲ့တဲ့ အရင်နှစ်တွေက ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်တာကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်ပွားလာမှာကို ပိုပြီးစိုးရိမ်နေကြတာပါ။

လမုန်ဇွပ်ကျေးရွာအတွင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကနေ ဝင်ရောက်နေထိုင်လာကြတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ရွာအတွင်း ဂိတ်နှစ်ခု ထားရှိပြီး ခရီးသွားကားတွေကို ပိုက်ဆံ ကောက်ခံနေရုံသာမက သတင်းကြားသိမှုပေါ်မူတည်ပြီးတော့လည်း စစ်ဆေးရေးတင်းကြပ်လေ့ရှိတဲ့ ဂိတ်တွေ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေနဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ထားတဲ့အပြင် မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲကျင်းပရက် ကြေညာပြီးနောက်ပိုင်း စစ်ကော်မရှင်ကနေ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းတွေထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုပြုလုပ်နေပြီး KIA ပူးပေါင်းတပ်တွေနဲ့ မြေပြင်တိုက်ပွဲလည်း ပြင်းထန်နေပါတယ်။

Photo credit - MNJ

January 15, 2026
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တို့ကြား မနေ့က...
January 14, 2026
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက တိုက်ပွဲရှောင်ဒေသခံပြည်သူတွေဟာ...
ပုံဟောင်းဖြစ်ပါသည်။
January 13, 2026
စစ်ကော်မရှင်ပြုလုပ်တဲ့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပူတာအိုခရိုင်အတွင်းက ရွှေလုပ်ကွက်တစ်ချို့...
January 12, 2026
စစ်ကော်မရှင်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဒေသခံတွေနဲ့တွေ့ဆုံပြီး...