စစ်ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲနှင့် ရလဒ်အပေါ် ကန့်ကွက်ပေးရေးနှင့် အသိအ မှတ်မပြုရေးကို (၁၅၁)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ(IPU)နှင့် ဆက်စပ်အစည်းအဝေးများတွင် အဓိကထား ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကထုတ် ပြန်ထားသည်။
CRPH အနေဖြင့် လက်ရှိ ပဋိပက္ခဖြေရှင်းရေးနှင့် ရေရှည်တည့်တံ့သောအဖြေရှာခြင်းတွင် တော်လှန်ရေး အင်အားစုများ၏ လုပ်ငန်းစဉ်များအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုများ ရရှိရေးတို့ကို အဓိကထား ဆွေးနွေး တိုက်တွန်းခဲ့ကြောင်း ဆိုသည်။
ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပနေပြီး အောက်တိုဘာ ၁၉ ရက်တွင် အာရှ-ပစိဖိတ်အုပ်စု(Asia-Pacific Group)နှင့် အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့သလို အောက်တိုဘာ ၂၀ ရက်တွင်လည်း အမှုဆောင်ကောင်စီ အစည်းအဝေး၊ ညီလာခံအစည်းအဝေးနှင့် ညီလာခံ၏ General Debate အစီအစဉ်တို့ကို တက်ရောက် ခဲ့ကာ မလေးရှား၊ ထိုင်း၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်၊ ဩစတြေးလျနိုင်ငံတို့မှ လွှတ်တော်ကိုယ် စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု CRPH ကဆိုသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုအတွင်း စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှု များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ၊ ထိုလုပ်ရပ်များကြောင့် နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်ပြည်သူများနှင့် အခြားနိုင်ငံများရှိ ရွှေ့ပြောင်းမြန်မာပြည်သူများ၏ အခြေအနေများနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံတော်အကြီးအကဲများ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက် ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအား ကမ္ဘာ့လွှတ်တော်အသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေးတို့ကို အဓိကထား ဆွေးနွေး တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“စစ်တပ်က စစ်ကော်မရှင်ဖွဲ့ပြီး ရွေးကောက်ပွဲလုပ်နေတာဟာ လက်ရှိအကျပ်အတည်းရဲ့ အဖြေမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ကျောထောက်နောက်ခံပါတီအဖွဲ့အစည်းတွေနဲ့ အများစုက သူ့ရဲ့ မိတ်ဖက်ပါတီတွေဖြစ်တဲ့အတွက်ကြောင့် တရားမျှတမှုမရှိနိုင်ဘူး။ လက်ရှိအကျပ်အတည်းအတွက် လည်းမဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ အွန်လိုင်းလိမ်လည်မှုတွေကလည်း မြန်မာ့စစ်တပ်က အကျိုးအမြတ်ရနေတယ်။ ကမ္ဘာ့နိုင်ငံ ၇၀ ကျော်ရဲ့ ပြည်သူတွေဟာ ဒီ scam center တွေ scam center တွေမှာ ကျွန်ပြုခံနေ ရပါတယ်။ ဒီတော့ စစ်အာဏာရှင်ကျင်းပမယ့် ရွေးကောက်ပွဲကိုထောက်ခံခြင်းဟာ ဒေသတွင်းမှာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ scam center တွေ တရားဝင်ရပ်တည်နိုင်ဖို့ ကူညီလုပ်ဆောင် တာနဲ့အတူတူပဲဆိုတာကို နိုင်ငံတကာကိုသိစေချင်တယ်။ နောက်ဆက်တွဲအနေနဲ့ ဒေသတွင်လုံခြုံရေးကိုပါ တည်ငြိမ်မှု ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စစ်ကော်မရှင်က ဒီနှစ်ကုန်မှာ ကျင်းပမယ့် ဟန်ပြ ရွေးကောက်ပွဲကို မထောက်ခံဖို့နဲ့ ဟန်ပြလွှတ်တော်ဖြစ်ပေါ်လာရင်လည်း လက်မခံကြဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်” ဟု နိုင်ငံတကာပါလီမန်များညီလာခံသို့ တက်ရောက်နေသည့် မြန်မာလွှတ်တော်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတကာအသိုက်အဝန်းသို့ အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲနှင့် နိုင်ငံအတွင်းမှ အွန်လိုင်းလိမ်လည်မှုများအကြောင်း သတင်းစကား ပါးထားသည်။
နိုင်ငံတကာပါလီမန်များအဖွဲ့ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့ စည်းထားပြီး မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အမှုဆောင်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား IPU ၏ အဓိကဆွေး နွေးဖက် မိတ်ဖက်အဖြစ်အသိအမှတ်ပြုခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်အသိအမှတ်ပြုထားသည်ဟု CRPH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







