ဟားခါးမှာ မူလတန်းကျောင်းကို စစ်တပ်က ဗုံးကြဲ၍ ကလေးငယ် ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ဟားခါးမှာ မူလတန်းကျောင်းကို စစ်တပ်က ဗုံးကြဲ၍ ကလေးငယ် ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား
Photo credit - CJ
Photo credit - CJ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Vanha ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ မူလတန်းကလေးငယ် ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသည့် ကလေးငယ် များပြားကြောင်း သိရသည်။

အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကော်မရှင်တပ်သည် ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက မူလတန်းကျောင်းကို ဂျက်ဖိုက်တာဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး ကျောင်းသန့်ရှင်းရေး လုပ်နေသော ကလေးငယ်များနှင့် အရပ်သား မိဘပြည်သူများ ဗုံးဒဏ် ထိမှန်ခြင်း ခံရသည်ဟု သိရသည်။

“၁၀ နာရီခွဲ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခံလိုက်ရပါတယ်။ သူတို့က ကျောင်းဆောင် အဆောက်အဦးကို ကြဲချတာ၊ အဆောက်အဦးပေါ်မှာတော့ မကျဘူး။ အဆောင်ရဲ့ အနောက်ကို ကျသွားတယ်။ ကလေးတွေလည်း ကျောင်းသန့်ရှင်းရေး လုပ်နေတုန်း တော်တော်လေးလေး ထိခိုက်ဒဏ်ရာ ရတယ်။ လူဦးရေကတော့ အတိအကျ မသိသေးဘူး။ ကလေး ၂ ဦးက သေဆုံးသွားတယ်။ ပြင်းထန်ဒဏ်ရာတွေလည်း ရှိနေတယ်” ဟု CDF - ဟားခါးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသား ၂ ဦး သေဆုံးပြီး ကလေးငယ် အများအပြား ထိခိုက်ဒဏ်ရာများ ရရှိကြောင်း၊ တချို့ကလေးငယ်များမှာ ဒဏ်ရာ ပြင်းထန်မှု ရှိနေကြောင်း၊ အရပ်သားမိဘပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိမှု ရှိကြောင်း သိရသည်။

စစ်ကောက်မရှင်သည် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ပြီး ၁၅ မိနစ် ခန့်အကြာတွင်လည်း ဒရုန်းတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ၊ အဆိုပါ ဒရုန်းသည် မည်သည့်နေရာက လာရောက်တိုက်ခိုက်သည်ကို လတ်တလောမှာ မသိရှိရသေးကြောင်း သိရသည်။

ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၈ ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မင်းတပ်မြို့နယ်တွင် စာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းမှ ဦးတည်တိုက်ခိုက်နေ၍ ပြည်သူ့အခြေပြု ကျောင်းအားလုံးကို အောက်တိုဘာလ ၁၀ ရက်မှစတင်၍ ခေတ္တပိတ်ကြောင်း မင်းတပ်ပအဖအဖွဲ့က ကြေညာထားသည်။

Most read this week

April 11, 2026
ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်...
April 10, 2026
ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို...
April 9, 2026
အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ...
April 8, 2026
လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏...