ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်အုပ်စုလေယာဉ်ဗုံးကြဲ ကလေးအပါအဝင် ၄ ဦးသေဆုံး၊ ၁၀ ဦးနီးပါး ဒဏ်ရာရ

ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်အုပ်စုလေယာဉ်ဗုံးကြဲ ကလေးအပါအဝင် ၄ ဦးသေဆုံး၊ ၁၀ ဦးနီးပါး ဒဏ်ရာရ
Photo credit - တော်လှန်ရေးတပ်ဖွဲ့
Photo credit - တော်လှန်ရေးတပ်ဖွဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာတွင် စစ်အုပ်စု လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ကလေးများအပါအဝင် ၄ ဦးသေဆုံးပြီး၊ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်း အမြစ်များထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီခန့်က စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဉ် အသုံးပြုပြီး ပျဉ်းမပင်ဆိပ်ကျေးရွာထဲကို ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု ကြဲချခဲ့သည့်ဗုံးသီးသည် လူနေအိမ်အနီးပတ်ဝန်းကျင်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကလေးအပါအဝင် ထိခိုက်သေဆုံးမှုများရခြင်း ဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ရွာထဲလာကျတယ်။ ကြဲတာလည်း အိမ်တွေရှိတဲ့နေရာကို ကြဲတာပဲ။ အဲဒါကြောင့်မို့လို့ပဲ ကလေးတွေလည်း ထိခိုက်တာပေါ့။ အဲဒီအနား ရှိသမျှလူတွေ ထိကြတာပဲ” ဟု ၎င်းက ပြောသည်။

စစ်အုပ်စု လေယာဉ်ဗုံးကြဲမှုကြောင့် ကလေးသူငယ် ၃ ဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးပြီး ကလေးအပါအဝင် ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိထားသူများအနက် အချို့သည် ဒဏ်ရာပြင်းထန်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်းလည်း ဆိုသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ အခုလာကြဲသွားတဲ့ ရွာကလူတွေ ကြောက်ကြောက်လန့်လန့်ဖြစ်သွားတယ်။ ကျွန်မတို့ ဆက်သွယ်လို့ရသလောက် အချို့ဆို ရွာမပြန်လာရဲကြသေးဘူး” ဟု သထုံခရိုင်အတွင်း စစ်ဘေးရှောင်ကူညီနေသူ တဦးက ပြောသည်။

KNU တပ်မဟာ (၁) ဘီးလင်းမြို့နယ်နှင့် တပ်မဟာ (၅) ဘားအံမြို့နယ်အစပ်ကြားတွင် တည်ရှိသည့် ပျဉ်းမပင်ဆိပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာအချို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသည့်ကျေးရွာများ ဖြစ်ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ-သထုံခရိုင်နယ်မြေအတွင်း စစ်အုပ်စုလေယာဉ်ဖြင့် မကြာမကြာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။

July 8, 2026
မွန်ပြည်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ...
July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...
July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...