ရေဖြူမြို့နယ်တွင် တိုက်ပွဲ ပြန်ဖြစ်ပွားနေ

ရေဖြူမြို့နယ်တွင် တိုက်ပွဲ ပြန်ဖြစ်ပွားနေ
photo credit - တော်လှန်ရေးတပ်ဖွဲ့
photo credit - တော်လှန်ရေးတပ်ဖွဲ့

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် လော့သိုင်းရွာအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့နှင့် မလွှဲတောင်ကြားတွင် ရှိသည့် လော့သိုင်းရွာဘက်ကို အင်အားရာချီ ရှိနိုင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးလာသည့်အတွက် နံနက် ၇ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ စစ်ကြောင်းငြိမ်နေတာ ကြာပြီး အခုမှ ပြန်တိုးလာတဲ့သဘောပဲ။ ဒီဘက်ကလည်း ဒီအခြေအနေကို သိနေတော့ သူတို့လာတဲ့ စစ်ကြောင်းနဲ့ ပစ်ခတ်မှု ဖြစ်တာပါ” ဟု ယင်းနယ်မြေတွင် အခြေချလှုပ်ရှားသည့် အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

နှစ်ဖက်ထိတွေ့မှု နာရီဝက်နီးပါးဖြစ်ပွားခဲ့ပြီး အထိနာသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့က ပြန်လည် ဆုတ်ခွာသွားကြောင်း ၎င်းက ဆက်ပြောသည်။

လော့သိုင်းကျေးရွာသည် ရေး-ထားဝယ်အမှတ်(၈)ပြည်ထောင်စုလမ်းအနီးတွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် လမ်းပိတ်ဆို့မှု ခေတ္တဖြစ်ခဲ့သော်လည်း အခြေအနေတည်ငြိမ်ပြီးနောက် ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီး ဖြစ်သည်ဟု သိရသည်။

တစ်လနီးပါးခန့် တိုက်ပွဲငြိမ်သက်နေသည့် ရေဖြူမြို့နယ်တလျှောက်တွင် ယခုတဖန် တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာခြင်း ဖြစ်သည်။

“နှစ်ဖက်စလုံးက အသင့်အနေအထားမှာ ရှိနေတာပဲ။ ငြိမ်နေတာပဲ ပြောလို့ရတယ်ပေါ့။ သူတို့လည်း အခြေအနေ စောင့်ကြည့်နေတာလားတော့ မသိဘူး။ တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲ ရှိမှာပါ” ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ် တဦးက ပြောသည်။

ပြီးခဲ့သည့်လများတွင် ရေဖြူမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းတလျှောက် မွန်၊ ကရင်၊ ထားဝယ် PDF ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် တိုက်ပွဲကြောင့် လမ်းပိတ်ဆို့မှု သီတင်းပတ်ချီကြာ ဖြစ်ပွားခဲ့သည်။

ထို့အပြင် တိုက်ပွဲ၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ရေဖြူဒေသခံ ထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

“တိုက်ပွဲငြိမ်နေတော့ ပြန်လာကြတာလည်း ရှိတယ်။ အခြေအနေစောင့်ကြည့်နေတဲ့သူလည်း ရှိတာပေါ့။ အများစုက ပြန်လာကြတယ်။ အခုထပ်ဖြစ်တော့ သူတို့လည်း ဒုက္ခရောက်တာပေါ့။ ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး မြေပြင်ကလူတွေနဲ့ အဆက်အသွယ်မရသေးတော့ စစ်ရှောင်အခြေအနေ သေချာမသိသေးဘူး” ဟု စစ်ဘေးရှောင် ကူညီနေသူတဦးက ပြောသည်။

ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို သိရှိနိုင်ဖို့ ယင်းနယ်မြေတွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံ ဖြေကြားပေးခြင်း မရှိသေးပေ။

အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းအပါအဝင် ဆုံးရှုံးထားသည့်နယ်မြေများ ပြန်လည် ရယူလိုနေသည့် စစ်ကော်မရှင်သည် နယ်မြေခံအခြေစိုက်တပ်ရင်းအသီးသီးမှ ရဲဘော်များအပြင် စစ်မှုထမ်းသင်တန်းဆင်း ရဲဘော်များ ဖြည့်တင်းပြီး ရေဖြူမြို့နယ်ဘက် စစ်ကြောင်းထိုးနေသည်မှာ သုံးလခန့်ရှိပြီး ဖြစ်သည်။

သို့သော်လည်း စစ်ကော်မရှင်သည် အထိအခိုက်အကျဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာနေရသော်လည်း နယ်မြေ အချို့ကို ပြန်လည်စိုးမိုးမှုများ ရယူထားနိုင်ပြီး အချို့နေရာများတွင် အခိုင်အမာတပ်စွဲထားကြောင်း စစ်ရေးသတင်းအရင်း အမြစ်အချို့က ပြောသည်။

Photo credit - တော်လှန်ရေးတပ်ဖွဲ့

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...