ကတူးကျေးရွာများမှ စစ်ဘေးရှောင်များကို ရှမ်းနီဒေသခံများနဲ့ အဖွဲ့အစည်းများက ကူညီ

ကတူးကျေးရွာများမှ စစ်ဘေးရှောင်များကို ရှမ်းနီဒေသခံများနဲ့ အဖွဲ့အစည်းများက ကူညီ

ဗန်းမောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကတူးတိုင်းရင်းသားကျေးရွာများမှ စစ်ဘေးရှောင်သူများကို ရှမ်းနီဒေသခံများနဲ့ အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့နယ်ရှိ ခိုပြင်၊ ညောင်သာယာမှ ဒေသခံ ၁၅၀ ကျော်ဟာ ရှမ်းနီအမျိုးသားများတပ်မတော် SNA ထိန်းချုပ်တဲ့ မံအင်မင်းကုန်းအုပ်စု အနောက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ စစ်ဘေး တိမ်းရှောင်နေကြရတာပါ။ 

စစ်ရှောင်အိမ်ထောင်စုတစ်စုကို ငွေကျပ်ငါးသောင်း၊ ဆန်နှစ်အိတ်၊ ဆီတစ်ပုံးနဲ့ စားနပ်ရိက္ခာတွေကို အိမ်ထောင်စု (၄၅) စု၊ လူဦးရေ ၂၂၄  ဦးကို အောက်တိုဘာ ၈ ရက်နေ့မှာ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီထောက်ပံ့မှုမှာ SNA တပ်မဟာ ၆၁၄ နဲ့ ဆီလုပ်ငန်းရှင်တွေက ဦးဆောင်ခဲ့သလို ဟုမ္မလင်းမြို့က မြို့မကျောင်း ဆရာတော်လည်း ပါဝင်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်တို့ကျေးရွာကသူတွေ စစ်ဘေးရှောင်လာကြတာ။ အိမ်ကနေဘာပစ္စည်း၊ ဘာစားစရာမှကို ပါမလာကြပဲ စစ်ရှောင်လာကြရတာပါ။ ဒီကိုရောက်မှ အစစအရာရာ၊ စားသောက်ဖွယ်ရာ၊ ပစ္စည်းတွေနဲ့ ငွေရေးကြေးရေး၊ နေထိုင်စရာ၊ အိတ်ဖို့ရာ နေရာတွေကို စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် ဟုမ္မလင်းမြို့ မြို့မကျောင်း ဆရာတော်ဘုရားကြီး၊ မံအင်မင်းကုန်းအုပ်စုအတွင်းက တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနဲ့ ဆီလုပ်ငန်းရှင်ကြီးများကို အများကြီးကျေးဇူးတင်ပါတယ်ဗျ” ဟု ခိုပြင်ကျေးရွာသားတစ်ဦးက ဆိုပါတယ်။ 

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် ခိုပြင်ကျေးရွာမှအိမ်ထောင်စု (၃၀)စု၊ ညောင်သာယာကျေး ရွာမှအိမ်ထောင်စု (၂၁)စုနှင့် ဗန်းမောက်မြို့ပေါ်နေ အိမ်ထောင်စု (၅၀၀) ကျော်တို့က စစ်ဘေးလွတ်ရာကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။ 

တိုက်ပွဲတွေကြောင့် လွတ်မြောက်ရာဒေသတွေကို ထွက်ပြေးကြတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ လုံခြုံရေးကို SNA နဲ့ PDF တို့က ကူညီစောင့်ရှောက်ပေးဖို့အတွက် ကတူးအရပ်ဘက်အဖွဲ့အစည်းတွေက မနေ့က အရေးပေါ် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ 

စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် အရေးပေါ်အကူအညီနဲ့ စစ်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးအတွက် ရံပုံငွေအနည်းဆုံး ကျပ်သိန်း ၂၀၀ လိုအပ်မှာဖြစ်တဲ့အကြောင်းလည်း တစ်ပါးတည်းထုတ်ပြန်ထားပါတယ်။ 

လက်ရှိအချိန်မှာ ဗန်းမောက်မြို့နဲ့ တစ်မိုင်ပတ်ဝန်းကျင်တွေမှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

တိုက်ပွဲတွေဟာ ဗန်းမောက်မြို့အနီးက စက်တောကျေးရွာ၊ ခမိုးကျေးရွာအထိ ပြန်လည် ဖြစ်ပွားလာနေတာလည်း ဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို NUG အမှတ် (၁) စစ်ဒေသက ဦးဆောင်ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မြို့ကို သုံးပတ်နီးပါးကြာ ထိန်းချုပ်ထားပြီလည်း ဖြစ်ပါတယ်။

January 21, 2026
တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော်(TNLA) မှ လွှဲပြောင်းပေးခဲ့တဲ့ မိုးကုတ်မြို့မှာ အုပ်ချုပ်ရေး...
January 20, 2026
ဝိုင်းမော်မြို့အနီးတစ်ဝိုက်ကရွာတွေမှာ စစ်ကော်မရှင်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား...
January 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှာ စစ်တပ်က စစ်အင်အားအများအပြားနဲ့ ဝင်ရောက်ပြီး...
January 17, 2026
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဘန်းဘားကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA+PDF...