ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ အလုပ်လုပ်မည့်သူကိုသာ ခွင့်ပြုချက်ဖြင့် စခန်းပြင်ပ ထွက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်မိသားစုဝင်များ လိုက်ပါ၍ မရသောကြောင့် အခက်ကြုံရကြောင်း ဒုက္ခသည်စခန်းတာဝန်ရှိသူက ပြောသည်။
လုပ်ထုံးလုပ်နည်းများအရ အလုပ်လုပ်မည့် ဒုက္ခသည်များကို အလုပ်ရှင်များက လာရောက်ခေါ်ယူသည့်အခါတွင် တနှစ်စာ အလုပ်လုပ်ခွင့်ဗီဇာ စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး အနည်းဆုံး တနှစ် အလုပ်လုပ်ပေးရန်လိုအပ်ကြောင်း ဆိုသည်။
ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပီချတ် ထောင်းဖန်က ဒုက္ခသည်များ အလုပ်လုပ်ခွင့်နှင့် ပတ်သက်၍ ပြောကြားချက်တွင် စည်းကမ်းချက် ခြောက်ခုနှင့်အတူ အလုပ်လုပ်မည့် ဒုက္ခသည်ကိုသာ စခန်းပြင် ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားထားသည်။
“ဒါက အဆင်ဘယ်ပြေမလဲ။ နှစ်ပေါင်း ၅၀ စခန်းထဲ အတူတူနေလာခဲ့ကြတော့ တယောက်ပဲ ထွက်ခွင့်ရမယ်လေ။ နောက်ပြီး နီးနီးနားနားလည်း မဟုတ်ဘူး။ တနှစ်တာ ကာလလည်းဖြစ်တဲ့အတွက် အိမ်သူအိမ်သားတွေက အလုပ်သွားတဲ့လုပ်တဲ့သူကို စိတ်မချစရာအကြောင်း အများကြီးရှိတယ်။ အိမ်သူအိမ်သားတွေလည်း အတူတူ နေလာတာကြာပြီဖြစ်တော့ အေးအတူပူအမျှ ဖျားတာနာတာ အခက်ခဲရှိရင် အတူတကွ ဖြေရှင်းတယ်ပေါ့နော်။ ခုအဲ့လိုသွားရတဲ့အပေါ်မှာ ကျန်တဲ့သူတွေကလည်း ဖြေရှင်းပေးမရ၊ ချက်ချင်းလက်ငင်း သိခွင့်လည်း ရချင်မှလည်း ရမှာပေါ့နော်” ဟုကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး စောဘွယ်စေးက မဇ္ဈိမကို ပြောသည်။
နယ်စပ် ဒုက္ခသည်စခန်း ကိုးခုတွင် လွန်ခဲ့သည့် တလခွဲခန့်ကတည်းက အလုပ်လုပ်နိုင်သူစာရင်းများကို ကောက်ယူထားပြီး အလုပ်လုပ်နိုင်သူ ၄၂,၀၀၀ ဦး ရှိသည့်အနက် ဒုက္ခသည် ဦးရေ ၁,၂၀၀၀ သည် အလုပ်လုပ်ရန် စာရင်းတင်ထားကြောင်း ကရင်ဒုက္ခသည်ကော်မတီထံက သိရသည်။
“စာရင်းလာကောက်ထားတာ လွန်ခဲ့တဲ့ တလခွဲ နှစ်လလောက်ကပဲ။ ဒီကြားထဲမှာတော့ ဒုက္ခသည်ဘက်ကတော့ ဘာမှမရှိဘူး။ စာရင်းတင်ထားတာပဲရှိတယ်။ လာမယ့် ၁ ရက်နေ့ကစပြီး ဘယ်နေ့လဲသေချာတော့မပြောတတ်ဘူး သူတို့ပြန်လာပြီး လုပ်သားတွေကို သူတို့ဘာသူသူတို့ ရွေးချယ်လိမ့်မယ် စစ်ဆေးလိမ့်မယ်ပေါ့နော်” ကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
မြန်မာဒုက္ခသည်များ တရားဝင်အလုပ်လုပ်ခွင့်ပြုမည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းအလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ထုတ်ပြန်ချက်တွင် အလုပ်ရှင်များသည် ရွေးချယ်ထားသော အလုပ်သမားများကို နိုင်ငံတော်ဆေးရုံများသို့ ခေါ်ဆောင်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူပြီး ကျန်းမာရေးအာမခံ ဝယ်ယူပေးခြင်း၊ အလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထား၍ ရရှိပြီးနောက်မှ အလုပ် စတင်လုပ်ကိုင်နိုင်ခြင်းအပါအဝင် လုပ်ငန်းစဉ်ခြောက်ခုကို သတ်မှတ်ထားသည်။
လက်ရှိတွင် ပထမ လုပ်ငန်းစဉ်ဖြစ်သည့် ဒုက္ခသည်များကို စစ်တမ်းကောက်ယူပြီး အလုပ်လုပ်လိုသူများ၏ စာရင်းကို ပြုစုခြင်းကို လုပ်ဆောင်ပြီးနေပြီး ဒုတိယအဆင့်အနေဖြင့် အလုပ်ရှင်များက အလုပ်သမားများကို ရွေးချယ်၍ ပြည်နယ်အလုပ်သမားရုံးသို့ အမည်စာရင်း တင်ပြခြင်းကို လာမည့် အောက်တိုဘာလအစတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဒုက္ခသည်ကူညီပေးနေသူများထံက သိရသည်။
ထို့နောက် အလုပ်လုပ်မည့် ဒုက္ခသည်စာရင်းကို လုပ်ကိုင်မည့်နေရာရှိ ပြည်နယ်သို့ ထပ်ဆင့်ပေးပို့ခြင်း၊ အလုပ်ရှင်များသည် ရွေးချယ်ပြီး အလုပ်သမားများကို ခရိုင်အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်ပြီး စခန်းမှ ထွက်ခွာခွင့် တောင်းခံခြင်း၊ အာဏာပိုင်များက တရားဝင်ခွင့်ပြုချက် ထုတ်ပေးပြီးနောက် အလုပ်သမားများ ရောက်ရှိသည်နှင့် လုပ်ကိုင်မည့် ပြည်နယ်သို့ အကြောင်းကြားခြင်း နှင့် ကျန်းမာရေးအာမခံ အလုပ်လုပ်ခွင့်များ လုပ်ဆောင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာပူရီနှင့် ရတ်ချဘူရီ တို့တွင် မြန်မာဒုက္ခသည်စခန်းပေါင်း ကိုးခုရှိပြီး ဒုက္ခသည်များသည် စခန်းဝင်းပြင်ပသို့ ထွက်ခွင့်မရှိကြပေ။ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကြောင့် ကမ္ဘောဒီယားလုပ်သားသောင်းနှင့်ချီ မိခင်နိုင်ငံကို ပြန်သွားကြပြီးနောက်ပိုင်း ထိုင်းအစိုးရ လုပ်သားလိုအပ်ချက်ကို အစားထိုးရန် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းမှ အလုပ်လုပ်နိုင်သူများကို အလုပ်လုပ်ပြုခွင့် ပြုမည်ဟု ထိုင်းအစိုးရက ဩဂုတ် ၂၆ ရက်တွင် အတည်ပြုခဲ့သည်။
ထိုနယ်စပ်ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုနိုင်မည့်အစီအစဉ်ကို လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် အကောင်ထည်ဖော်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ထုတ်ပြန်ထားသည်။







