ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဂြစ်ချောင်းကျေးရွာသား မြို အမျိုးသားတစ်ဦးမှာ တောင်ယာသွားချိန် မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
အသက် ၂၁ နှစ်အရွယ် ကိုရွှေဟက်မှာ ယနေ့ (စက်တင်ဘာ ၂၄ ) မွန်းတည့် ၁၂ နာရီခွဲခန့်က ကျေးရွာအနီးက တောင်ယာသို့ သွားချိန် မိုင်းနင်းမိ၍ ညာဘက်ခြေထောက်တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။
"သူက တောင်ယာလုပ်ငန်းလုပ်တာ။ ဒီနေ့မှ နင်းမိတာ။ ဒဏ်ရာအရမ်းပြင်းတယ်။ အဲဒီတောင်အနီးမှာ အရင်က တိုက်ပွဲဖြစ်ခဲ့တာတွေ မရှိဘူး။ ဒါပေမဲ့ အာဆာနဲ့ အေအေတို့ လှုပ်ရှားမှုတွေတော့ ရှိတယ်။ အဲဒီတောင်တန်းမှာ အာဆာတွေ ပုန်းခိုပြီး နေနေတာ ရှိတယ်" ဟု ဂြစ်ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းနင်းမိသည့် တောင်မှာ ဂြစ်ချောင်းကျေးရွာ၏ မြောက်ဘက် ၂ မိုင်ကျော်အကွာအဝေး၌ တည်ရှိသည့် မေယုတောင်တန်းဖြစ်ကြောင်း သိရသည်။
"ကြိမ်ချောင်းဘက်မှာ ယာယီဆေးကုသမှုခံယူဖို့လုပ်တာ အဲဒီက လက်မခံလို့ တခြားတစ်နေရာကို ယူသွား ရတယ်။ ခြေဖဝါးအောက်ပိုင်းက လုံးဝ ပြတ်သွားတယ်။ အခုဆိုရင် ရွာသားတွေက အဲဒီတောင်ကို သွားရဲကြတော့မှာ မဟုတ်ဘူး" ဟု မိုင်းနင်မိသည့် ကိုရွှေဟက်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၁ ရက်ကလည်း မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာမှ မွတ်ဆလင်ဒေသခံတစ်ဦးမှာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
မေလ ၁၀ ရက်ကလည်း ရေနောက်ငါးသားကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ ကျေးရွာအနီး တောင်သို့ ဟင်းရှာရန်သွားချိန် မိုင်းနင်းမိ၍ ခြေထောက် တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။
ထိုသို့ မောင်တောမြို့နယ်အတွင်း မိုင်းနင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက်ရှိလာနေ၍ ဒေသခံများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်နေကြသည်ဟု ပြောဆိုကြသည်။
မောင်တော ဒေသခံအမျိုးသမီးတစ်ဦးက "များသောအားဖြင့် အခြေခံလက်လုပ်လက်စားတွေဆိုတာ တောင်တွေကို မှီပြီး စားသောက်ရေး ဖြေရှင်းကြရတယ်။ တိုက်ပွဲတွေ ပြီးသွားတော့ ဒီတောင်တွေမှာ ဟင်းရှာ၊ ထင်းရှာလုပ်ဖို့က မိုင်းပေါက်မှာ ကြောက်လို့ တော်ရုံ မသွားရဲကြတော့ဘူး။ နဂိုကတည်းက ကျပ်တည်းကြတဲ့အထဲ မိုင်းအန္တရာယ် ကြောက်နေရတော့ ပိုပြီး လုပ်စားဖို့ အဆင်မပြေကြတော့ဘူး" ဟု ပြောသည်။
ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်တို့ကြောင့် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဒေသခံများမှာ အလူးအလဲ ခံစားနေကြရသည်။
ယင်းအကျပ်အတည်းများကြောင့် အခြေခံလက်လုပ်လက်စားများမှာ တောတောင်များကို မှီခိုကာ ထင်း ရှာခြင်း၊ မျှစ်ချိုးခြင်းစသည့် ကြုံရာကျပန်းလုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေကြရခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးအပါအဝင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်နှင့် ပတ်သက်၍ သတိပေးဆိုင်းဘုတ်များ ကပ်ခြင်း၊ အသိပညာပေးပွဲများ ပြုလုပ်ခြင်း ရှိသော်လည်း မြေပြင်တွင် လုံလောက်မှု မရှိသေးကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများက ပြောဆိုကြသည်။
ရခိုင်မှ လူမှုအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက "ULA/AA က မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး လုပ်နေပေမယ့် ဒေသခံတွေအတွက်က မလုံလောက်သေးဘူးလို့ မြင်တယ်။ စစ်ကောင်စီ တကယ်တပ်စွဲနေ ထိုင်ခဲ့တဲ့ နေရာ၊ တိုက်ပွဲဧရိယာတွေထဲက မြို့ရွာတွေကို အဓိက ဦးတည်ပြီး လုပ်ပေးနိုင်ရင် ပိုအဆင်ပြေမယ်။ ပြီးတော့ ကလေးတွေကိုလည်း သူတို့နားလည်နိုင်လောက်မဲ့ သတိပေးမှုတွေနဲ့ သတိပေးနိုင်မှ ဒီအန္တရာယ်ကို လျှော့ချနိုင်မယ်" ဟု ပြောသည်။
DMG က ကောက်ယူထားသည့် စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက် အထိ မောင်တောမြို့နယ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ဒေသခံ ၅ ဦး သေဆုံးကာ ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။







