လောင်းလုံးတွင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကို စစ်တပ်က ပစ်ခတ်ပြီး သေဆုံး

လောင်းလုံးတွင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကို စစ်တပ်က ပစ်ခတ်ပြီး သေဆုံး
photo credit - CJ
photo credit - CJ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ရာဟောင်းဝရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကို ပစ်ခတ်ပြီး သေဆုံးသွားခဲ့ကြောင်း  တော်လှန်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်ဘက်သို့ ဝင်ရောက်သည့် အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင် ယာဉ်တန်းသည် ရာဟောင်းဝရွာထဲ ဝင်ရောက်လာစဉ် နေအိမ်ကနေ လှမ်းကြည့်နေသည့် အဆိုပါ အမျိုးသမီးကို  ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ပစ်သတ်ခံရသည့် အမျိုးသမီးသည် အသက် ၈၂ အရွယ်ရှိ ဒေါ်ခင်ညိုဆိုသူဖြစ်ကြောင်း၊ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက IMNA ကို ပြောသည်။

"လောင်းလုံးအထက်ဘက်မှာက စစ်ကြောင်းဝင်နေတုန်းပဲ။ မနေ့က အဖွားအိုတစ်ယောက်ကို ပစ်သတ်လိုက်တယ်။ စစ်ကြောင်းလာတာ ကြည့်လို့ ပစ်လိုက်တာ ပြောကြတာပဲ။ မနေ့ညကလည်း အင်အားထပ်တိုးထားတယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကော်မရှင်ယာဉ်တန်းသည် လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ထားဝယ်မြို့ဘက်သို့ ပြန်လည် ဆုတ်ပြေးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ထားဝယ်မြို့ပေါ်ကနေ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်များသည် ရာဟောင်းဝရွာ ဘုန်းကြီးကျောင်းတွင် စခန်းချ နေထိုင်နေသည်။

လက်ရှိတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှု မရှိသေးသော်လည်း လုံခြုံမှုမရှိသည့် အခြေအနေကြောင့် စုပြီး နေထိုင်နေကြသည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲပြင်းထန်ရာနေရာနှင့် စစ်ကော်မရှင်တပ်ဖွဲ့များ စခန်းချ၊ စစ်ကြောင်းထိုးရာ နေရာများတွင် အမျိုးသမီးငယ်များအပြင် သက်ကြီးပိုင်းအမျိုးသမီးများပါ မုဒိန်းကျင့်ခံရမှုနှင့် သတ်ဖြတ်ခံရမှုများ ရှိနေသည်။

မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့၏ အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်း အမျိုးသမီး (၇၃) ဦး အသက်သေဆုံးခဲ့ရပြီး (၈၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုသည်။

February 12, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလိကျေးရွာအခြေစိုက် အမြှောက်တပ် အမတ-၃၁၅ တပ်ရင်းသို့...
February 11, 2026
မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Women Organization  မှ...
February 10, 2026
စစ်ကော်မရှင်မှ ရွေဈေးစံချိန်တင်မြင့်တက်နေစဉ်တွင် ရောင်းချဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို...
February 9, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ သာယာကုန်းကျေးရွာအတွင်းသို့ စစ်ကော်မရှင်က ဒရုန်းဖြင့်...