ဆယ်စုနှစ်တစ်ခုကျော် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်၊ မောင်တောမြို့ပေါ်ရှိ မွတ်ဆလင်တို့၏ ဘာသာရေး အဆောက်အအုံ (မြို့မဂျာမေဗလီကြီး) ကို ULA/ AA က ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။
ဗလီဖွင့်ပွဲအခမ်းအနားကို မွတ်ဆလင် ဘာသာရေးခေါင်းဆောင်များ၊ ULA/ AA က တာဝန်ရှိသူများ၊ ဒိုင်းနက်၊ မြို မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်များ အပါအဝင် လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ဗလီကြီးအား ပြန်လည်ဖွင့်ပေးထားသည့်အတွက် အာရက္ခတပ်တော် (AA) အား ကျေးဇူးတင်ကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။
မောင်တောမြို့ခံ မွတ်ဆလင်တစ်ဦးက “ကျနော်တို့ကို အခုလို ဒီဗလီကြီးကို ဖွင့်ပေးတဲ့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့မှာ အပျော်တွေပဲ ခံစားရတယ်။ ကျနော်တို့ကို အကူအညီတွေလည်း အများကြီးပေးပါတယ်။ ကျနော်တို့ မြို့က မွတ်ဆလင်တွေအတွက် ဒီဗလီကြီးက အရေးကြီးတဲ့ ဗလီကြီးတစ်ခု ဖြစ်ပါတယ် " ဟု ပြောသည်။
အဆိုပါ မြို့မဂျာမေဗလီကြီးမှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သာ ပဋိပက္ခဖြစ်စဉ်တွင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်ချိန် အဆိုပါ ဗလီကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့သော်လည်း တိုက်ပွဲကြောင့် ဝတ်ပြုဆုတောင်းမှုများ မရှိဘဲ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။
မောင်တောမြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ပြီးနောက် မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်များက တောင်းဆိုခဲ့သဖြင့် ရခိုင်နှင့် မွတ်ဆလင်ကြား ဆက်ဆံရေးသဟဇာတနှင့် ဘာသာရေး လွတ်လပ်ခွင့်အတွက် ULA/ AA က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အခု ULA/AA အစိုးရ လက်အောက်မှာဆိုရင် ကျနော်တို့ကို စည်းရုံးမှူးတွေ လုပ်လာတဲ့အခါ တဖြည်းဖြည်း နားလည်လာပါတယ်။ ကျနော်တို့က တဖြည်းဖြည်းနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို ကြိုးစားလာကြတာဖြစ်တယ်။ အဲဒီလိုနဲ့ ခင်မင်မှုတွေလည်း များလာတယ်" ဟု မောင်တောခရိုင် မွတ်ဆလင်ရေးရာ ဒုက္ကဌ ဦးမောင်မောင်အေးက ပြောသည်။
မောင်တောမြို့တွင် မွတ်ဆလင် ဗလီ စုစုပေါင်း ၄၀ ခန့်ရှိပြီး ယခင်တိုက်ပွဲကာလအတွင်းက ပိတ်ထားခဲ့ရသော်လည်း လက်ရှိတွင် ယင်းဗလီများအားလုံးတွင် မွတ်ဆလင် ဘာသာဝင်များမှာ ဝတ်ပြုဆုတောင်းမှုများ လုပ်ဆောင်နေကြပြီဖြစ်သည်ဟုလည်း သိရသည်။
မောင်တောခရိုင် မွတ်ဆလင်ရေးရာ ကော်မတီ ဉက္ကဌ ဦးတင်အောင်က " ULA/AA ထိန်းချုပ်ပြီးတဲ့ နောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမှာက အချင်းချင်း သယဇာတကျအောင်။ အတူယှဉ်တွဲနေထိုင်လို့ ရအောင် လုပ်ပေးတာပဲ။ အခုဆိုရင် မွတ်ဆလင်နဲ့ ရခိုင်တွေဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအပြည့်နဲ့ နေထိုင်ကြတာပါ " ဟု ပြောသည်။
ယခု ဗလီအား ဖွင့်ပေးခြင်းမှာ လူမျိုးနှစ်ခုကြား လူမှုသဟဇာဖြစ်ရေးအပြင် လူမျိုးတစ်မျိုးအနေဖြင့် မိမိ ယုံကြည့်သည့် ဘာသာအား လွတ်လပ်စွာ ကိုးကွယ်နိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ULA တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့အတူ အာရက္ခတိုင်းပြည်တွင် နေထိုင်ကြသည့် လူမျိုးဘာသာတိုင်းအေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် လိုအပ်ကြောင်းလည်း ULA တာဝန်ရှိသူတစ်ဦးက ပြောသည်။
ULA တာဝန်ရှိသူ တစ်ဦးက " အာရက္ခတိုင်းပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတိုင်း ဘာသာတိုင်းကို အာရက္ခနိုင်ငံသားလို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ဆိုတော့ အစ္စလမ်ဘာသာတစ်ခုတည်း မဟုတ်ဘူး။ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓ ဘယ် ဘာသာပဲဖြစ်ဖြစ်၊ ဘာသာတစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံပြီးတော့ ဒီလိုအခမ်းအနားတွေ နောက်ထပ်လည်း ပြုလုပ်သွားဖို့ မျှော်လင့်ထားပါတယ်" ဟု ဆိုသည်။
အာရက္ခတပ်တော်သည် မောင်တောမြို့နယ်တစ်ခုလုံးအား ၂၀၂၄ ဒီဇင်ဘာလတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် နယ်စပ်အရေး၊ စီးပွားရေး၊ လူမှုသဟဇာတအရေးတို့ကို ဦးစားပေးဆောင်ရွက်နေကြောင်း သိရသည်။







