မာလာကျေးရွာသားများ ပြန်လည်ထူထောင်ရေး ခက်ခဲနေ

မာလာကျေးရွာသားများ ပြန်လည်ထူထောင်ရေး ခက်ခဲနေ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းဒေသက နေရပ်ပြန် မာလာကျေးရွာသားမှာ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်နှင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက မာလာကျေးရွာသားများမှာ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ စသည့် မြို့နယ်များတွင် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက် လက်ရှိ နေရပ်သို့ ပြန်လည် ရောက်ရှိနေကြပြီဖြစ်သည်။

“မာလာရွာသားတွေ ကိုယ့်ရပ်ရွာကို ပြန်နိုင်ပြီဆိုလို့ ပြန်လာတော့ ရွာမှာ လမ်းတွေလည်း မရှိတော့ဘူး။ တောတောင်တွေလို ထူထပ်တယ်။ အဲဒါကို တစ်စတစ်စ ရှင်းပြီးနေကြတာ။ အခုအထိ မဆောက်နိုင်သေးတဲ့ အိမ်တွေ အများကြီးပဲ” ဟု မာလာ(ရခိုင်)ကျေးရွာသား ဦးသိန်းရွှေအောင်က ပြောသည်။

မာလာကျေးရွာတွင် အိမ်ခြေ ၁၁၀ ကျော်ရှိပြီး ယင်းအထဲမှ အိမ်ခြေ ၇၅ ရာခိုင်နှုန်းခန့်မှာ တိုက်ပွဲကာလအတွင်း စစ်တပ်၏ ဖြိုဖျက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ကျန်နေအိမ် အချို့မှာ ကျေးရွာအတွင်း လူမနေသည့်ကာလ၌ ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေထိုင်ကြသော်လည်း ငွေကြေးချို့တဲ့သူများမှာ နေအိမ်မဆောက်နိုင်သေးဘဲ ဆွေမျိုးများနေအိမ်တွင် ကပ်ခိုနေရကြောင်း ပြောဆိုကြသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရွှေသိန်းက " ထမင်းပုံမှန်စားနိုင်ဖို့တောင် အခက်အခဲများစွာကြားထဲက ဖြတ်သန်းနေကြရတာ။ အိမ်ဆောက်ဖို့ ပစ္စည်းက မစုဆောင်းနိုင်သေးဘူး။ ဖြစ်သလို ဝါးတွေနဲ့ ဆောက်ပြီးနေကြတယ်။ ဒီလို နေဖို့အတွက် ရွှေတို ရွှေစရှိသူတွေမှာ ပေါင်နှံရောင်းချတယ်။ တာပေါ်လင်စတွေ ဝယ်ပြီး အမိုးအကာလုပ်ပြီး ဝါးတွေနဲ့ ဆောက်လုပ်ပြီး နေကြတယ်" ဟု ပြောသည်။

လက်ရှိ ကျေးရွာသားများမှာ စားဝတ်နေရေးအဆင်ပြေရန် ကြုံရာကျပန်း လုပ်ကိုင်ကာ ရှာဖွေစားသောက်နေကြပြီး ယခင်ကလို ဖြစ်လာရေး ပြန်လည်ထူထောင်ရေးအတွက် လယ်ယာသုံး ပစ္စည်းကိရိယာများ လိုအပ်သည်ဟု ကျေးရွာသားများက တောင်းဆိုကြသည်။

ယခင်က ရွာသားများ ပိုင်ဆိုင်ခဲ့ကြသည့် ကျွဲ၊ နွားနှင့် လယ်ယာသုံး ပစ္စည်းသည်းမှာလည်း စစ်ဘေးရှောင်နေစဉ် ကာလအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးတွင် ပိုပြီး အကျပ်အတည်းဖြစ်စေကြောင်း ပြောဆိုကြသည်။

အာရက္ခတပ်တော်၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ရခိုင်မြို့သိမ်းတိုက်ပွဲနှင့် ကျောက်တော်မြို့နယ်ကို သိမ်းခဲ့အပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် မာလာကျေးရွာသားများ နေရပ်သို့ ပြန်နိုင်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ ပြန်လည်နေထိုင်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာလာခဲ့သည့်တိုင် ပြန်လည်ထူထောင်ရန် အခက်အခဲရှိနေကြခြင်းဖြစ်သည်။

" အရင်ဆုံးရွာကို စမြင်တော့ မျက်ရည်တွေ ကျမိတယ်။ စီးပွားရေးတွေလည်း ကျဆုံး၊ အားလုံးလည်း ပျက်စီးလို့ တွေ့တယ်။ အရင်လို အနေအထားကို ပြန်ရောက်နိုင်ဖို့ ဘယ်လိုပြန်စလို့ ရနိုင်မလဲတွေးရင် ရင်ပူတယ်။ အဖွဲ့အစည်းတွေကို တောင်းဆိုချင်တယ်။ ငွေကြေးအထောက်အပံ့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်" ဟု မာလာကျေးရွာမှ ဒေါ်လှဝင်းက DMG သို့ ပြောသည်။

မာလာကျေးရွာသားများ နေရပ်ပြန်ရောက်ခဲ့ချိန် အဖွဲ့အစည်းအချို့ထံမှ ငွေကြေးအချို့နှင့် တာပေါ်လင်စများ ကူညီထောက်ပံ့ပေးခဲ့သော်လည်း လုံလောက်မှုမရှိကြောင်း ကျေးရွာသားများက ပြောသည်။

ယင်းအပြင် စစ်တပ်က မာလာကျေးရွာအနီး တပ်စွဲနေထိုင်ခဲ့မှုကြောင့် ရွာသားများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်၍ တောတောင်ကို မှီခိုကာ လုပ်ကိုင်စားသောက်ရန် အခက်အခဲ ရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...