ဝိုင်းမော်မြို့ကို စစ်ကော်မရှင် လေကြောင်းမှ ဗုံး ၃ ကြိမ်ကြဲ ၊ ဒေသခံများ လေကြောင်းရန် စိုးရိမ်

ဝိုင်းမော်မြို့ကို စစ်ကော်မရှင် လေကြောင်းမှ ဗုံး ၃ ကြိမ်ကြဲ ၊ ဒေသခံများ လေကြောင်းရန် စိုးရိမ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာနှင့် အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က ယနေ့ (စက်တင်ဘာလ ၂ ရက် ) မနက်ပိုင်းတွင် လေကြောင်းမှ ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ဒေသခံများ လေကြောင်းရန်စိုးရိမ်နေပြီး မိုးအဆက်မပြတ်ရွာသွန်းရန် ဆုတောင်းနေကြရကြောင်း ဒေသခံက ဆိုသည်။

“အခု မိုးရွာနေတာ အဆက်မပြတ် ။ အသည်းအသန် ရွာနေပါစေ ဆုတောင်းနေရတာ လေယာဉ်မပျံနိုင်အောင်လို့” ဟု ယနေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ဒေသခံက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကို ၉ နာရီ ၅၃ မိနစ်၊ ၁၀ နာရီခွဲ ဝန်းကျင်နှင့် ၁၀ နာရီ ၅၈ မိနစ်တွင် ပြုလုပ်သွားခြင်းဖြစ်ပြီး ထိုစဥ်က တိမ်ထူထပ်နေချိန်ဖြစ်၍ လေယာဥ်အသံသာ ကြားရပြီး လေယာဥ်အမျိုးအစားကို မသိရှိလိုက်ရကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေများကို မသိရှိရသေးကြောင်း ဒေသခံထံက သိရသည်။

လမြန်ရွာတွင် စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လမြန်ရွာ၊ မုတ်ကျိတ်ရွာ၊ ဝါးရှောင်ရွာ မှ ဒေသခံ အချို့မှာ စစ်ရှောင်နေကြကြောင်း သိရသည်။

စစ်မရှောင်ဘဲ ကျန်ရှိနေသည့် ဒေသခံများမှ စစ်ဘေးရှောင် သင့်၊ မသင့်ကို စောင့်ကြည့်နေဆဲဖြစ်ပြီး လက်ရှိတွင် လေကြောင်းရန် စိုးရိမ်နေကြကြောင်း သိရသည်။

သြဂုတ်လ ၃၁ ရက်က နမ့်ဝါ ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းမှ ဗုံးကြဲ၍ ခုနစ်နှစ်အရွယ် မိန်းခလေး သေဆုံးပြီး စစ်ရှောင် လေး ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူ ရှယ်ဆွယ်မခေါင်နောကို သြဂုတ်လ ၁ ရက် ညနေပိုင်းက မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးအနက် သုံးဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

KIA နှင့် ပူးပေါင်းတပ်ထိန်းချုပ်ထားသည့် လမြန်ရွာကို သြဂုတ်လကုန်ပိုင်းတွင် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်လာရာမှ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

Photo - CJ

စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...
June 12, 2026
ရောင်နီ — အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က နာမည်အသစ်ဖြင့် ထုတ်လုပ်ထားသည့်  “ Keen Beer...