ရေဖြူမြို့နယ် မရမ်းချောင်း‌ကျေးရွာအနီးတွင် မြေမြှပ်မိုင်း ၂ ကြိမ်နင်းမိပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ်တစ်ဦး သေဆုံး

ရေဖြူမြို့နယ် မရမ်းချောင်း‌ကျေးရွာအနီးတွင် မြေမြှပ်မိုင်း ၂ ကြိမ်နင်းမိပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ်တစ်ဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီး၊ အမှတ် ၈ ရေး- ထားဝယ်ကားလမ်း ဘေးတွင် ယခုရက်ပိုင်းအတွင်း မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံး၍ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်နေရာတည်းတွင်ပင် ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့က တစ်ကြိမ်နှင့်  သြဂုတ် ၃၀ ရက်နေ့က တစ်ကြိမ် ဒေသခံခရီးသွားလာသူများ နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် မရမ်းချောင်းရွာမှ ကလိန်အောင်ဘက်သို့ ဈေးဝယ်ရန် ဆိုင်ကယ်စီးနင်လာသည့် မိသားစုဝင်သုံးဦးသည် မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာကြားရှိ သစ်ကိုင်ဖြင့် လမ်းပိတ်ထားသည့် လမ်းမကြီးဘေးတွင် မြေမြှပ်မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကားလမ်းကို သစ်ပင်တွေနဲ့လှဲပြီးပိတ်ထားတာ။ အဲ့ဆိုင်ကယ်က လမ်းပိတ်နေတော့ သွားမရလို့ဆင်းဖယ်တာ အဲ့ဒီမှာမိုင်းကထပေါက်တာ ဦးကိုဦးကတော့ ဒဏ်ရာတော်တော်ရသွားတယ်။ သူ့မိန်းမကတော့ဒဏ်ရာနည်းတယ် ကလေးကတော့ဆုံးသွားပြီး သုံးယောက်လုံးကတော့ မိသားစုဝင်ပဲ” ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

မြေမြှပ်မိုင်းနင်းမိခြင်းကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးကိုဦးနှင့် ဇနီးဖြစ်သူ အသက် ၃၀ ဝန်းကျင်ရှိ ဒေါ်ဇာခြည်မိုးတို့ ထိခိုက်ဒဏ်ရာရပြီး အသက် ၂ နှစ်ကျော်အရွယ် သားဖြစ်သူသေဆုံးခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ရက်နေ့က ကလိန်အောင်မှ မရမ်းချောင်းရွာသို့ ဆိုင်ကယ်စီးနင်းလာသည့် လင်မယားနှစ်ဦးသည် အဆိုပါ‌သစ်ပင်ဖြတ်လှဲ၍ လမ်းပိတ်ထားသည့်နေရာကိုရှောင်ရန် လမ်းဘေးမှ ပတ်မောင်းရာမှ မြေမြှပ်မိုင်းနင်းမိခဲ့ပြီး အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ခြေထောက် အရိုးကျိုးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

မရမ်းချောင်းကျေးရွာအနီး၊ ကားလမ်းမဘေးရှိ မြေမြှပ်မိုင်းများကြောင့် လက်ရှိအချိန်အထိ ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလမ်းပိုင်းနေရာတွင် စစ်ကော်မရှင်တပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့များလည်း သွားလာလှုပ်ရှားနေသည့် နေရာဖြစ်သဖြင့် မြေမြှပ်မိုင်းနှင့်ပတ်သတ်၍ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း မြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သို့သော် တိုက်ပွဲကာလအတွင်း ဒေသခံပြည်သူများအသွားအလာ အထူးဂရုပြုရန်နှင့် အရာဝတ္တုတစ်ခုခုဖြင့် ဖြစ်စေ၊ သစ်ပင်သစ်ကိုင်းဖြင့်ဖြစ်စေ လမ်းပိတ်ထားသည့်နေရာများကို သွားလာခြင်းလုံးဝမပြုရန် တိုက်တွန်း ထားသည်။

“တော်လှန်ရေးလဲ အဲ့ဘက်ရောက်သွားတာရှိတယ်။ စကစဘက်ကလဲရောက်သွားတာရှိတယ်ဆိုတော့လေ မိုင်းက ဘယ်သူမိုင်းလဲတော့ သေချာမသိဘူး။  ဒေသခံတွေအနေနဲ့လဲ အဲဘက်က ဒေသနဲ့ ဝေးဝေးရှောင်စေချင်တယ်။ နောက်ပြီးတော့ ပိတ်ထားတဲ့နေရာတွေဆို မသွားတာ အကောင်းဆုံး လက်ရှိက လမ်းပိတ်ထားတဲ့နေရာတွေမှာပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာဆိုတော့လေ ဖြစ်နိုင်ရင် လုံးဝမသွားပါနဲ့ တော်လှန်ရေးဘက်ခြမ်းက သွားလို့ရပြီးလို့ အသိပေးလာမှ သွားစေချင်တယ်” ဟု ပြောသည်။

ယခင်က ပုံမှန်သွားလာနိုင်ပြီး မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်စဉ် မရှိခဲ့သော်လည်း လက်ရှိ ရေဖြူတိုက်ပွဲ ဖြစ်စဉ်အတွင်း နှစ်ဖက် လက်နက်ကိုင်အဖွဲ့မှ မြှပ်နှံထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်လျှက် ရှိသည်။

မြေမြှပ်မိုင်းကြောင်း ပြင်းထန်ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။

ရေဖြူမြို့နယ်တွင် နှစ်ပတ်ကြာ နေ့စဉ် စစ်ရေးတင်းမာနေသဖြင့် ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင်နှင့် ကလိန်အောင်အကြားရှိ လမ်းပိုင်းကိုလည်း ယနေ့ စက်တင်ဘာလ ၂ ရက်အထိ ခရီးသွားလာခွင့်မပြုဘဲ လမ်းပိတ်ထားဆဲဖြစ်သည်ဟု ဒေသခံများနှင့် လမ်းပိုင်းအသုံးပြုသူများထံမှ သိရသည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...