မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတွင် ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာ

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတွင် ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာ

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသ၊ ရေဖြူဒေသနှင့် ကြာအင်းဆိပ်ကြီးဒေသအတွင်း ငှက်ဖျားရောဂါ ကူးစက်ခံရမှု လျော့ကျလာသည်ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) မှ အချက်အလက်များအရ သိရသည်။

၂၀၂၅ ခုနှစ် မေလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ငှက်ဖျားရောဂါကူးစက်ခံရမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်လအတွင်းပိုးတွေ့လူနာ ၈၄၀ ဦးရှိခဲ့သည်။

ဇူလိုင်လမှစ၍ ရောဂါကူးစက်ခံရမှု လျော့ကျလာပြီး စုစုပေါင်း ငှက်ဖျားပိုးတွေ့လူနာ ၂၄၂ ဦးအထိ ကျဆင်းလာခဲ့သည့်အပြင် ယခုသြဂုတ်လတွင်လည်း ရောဂါကူးစက်ခံရမှု မရှိသလောက်နည်းပါးလာနေကြောင်း ကနဦးအချက်အလက်များအရ သိရသည်ဟု (MNHC) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ငှက်ဖျားကတော့ ကျစပြုနေပြီး။ ကျစပြုတာက ဒေသအလိုက်ပေါ့နော်။ မေလကနေ ဇူလိုင်အထိဆိုရင် များလေ့ရှိတယ်။ ပြီးရင် အောက်တိုဘာနဲ့ နိုဝင်ဘာကျရင်လဲ များလေ့ရှိတယ်။ အခုလိုမျိုး သြဂုတ်လဆိုတော့ အနည်းငယ်ပြန်ပြီးကျနေပြီး” ဟု (MNHC)မှ ကျန်းမာရေးစောင့်ကြည့်ရေးနှင့် ပြန်လည်သုံးသပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လာမည့်မိုးနှောင်းကာလတွင်လည်း ငှက်ဖျားကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့်အတွက် ဒေသခံပြည်သူများ မပေါ့ဆသေးရန်လည်း တိုက်တွန်းထားသည်။

ဒေသအလိုက် ငှက်ဖျားရောဂါကူးစက်ခံရမှုသည် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ စုစုပေါင်း ၂,၈၅၇ ဦးအထိရှိပြီး၊ အများစုသည် Plasmodium Vivax (P.V) ဟုခေါ်သည့် ငှက်ဖျားရောဂါအမျိုးအစား ဖြစ်ပွားမှုများကြောင်း ဆိုသည်။

ထို့အပြင် ရေးချောင်းဖျားဒေသ၌ အန္တရာယ်ပိုများသည့် Plasmodium falciparum (P.F) ငှက်ဖျားပိုးကူးစက်မှုများ အမြစ်ပြတ် မတိုက်ဖျက်နိုင်သေးဘဲ ဆက်လက်တွေ့ရှိနေသဖြင့် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ငှက်ဖျားမကူစက်ခံရသေးသူများအတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်းလည်း အထက်ပါ ကျန်းမာရေးတာဝန်ရှိသူက တိုက်တွန်းသည်။

"(P.F)ကတော့ ပိုအန္တရာယ်များတဲ့ ရောဂါပိုးပေါ့လေ။ (P.F)ကကျတော့ ၂၀၂၆မှာ အမြစ်ဖြတ်တိုက်ဖျက်မယ်လို့ ရည်မှန်းထားတဲ့ရောဂါပေါ့နော်။ ဆိုပေမယ့် ကျွန်တော်တို့အမြင်တော့ မဖြစ်နိုင်ဘူးထင်တယ်ပေါ့နော် အမြစ်တော့ မဖြတ်နိုင်လောက်သေးဘူး။ နည်းတော့နည်းလာပါပြီး။ သတိတော့ထားရမယ်ပေါ့နော်" ဟု (MNHC)တာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် ငှက်ဖျားရောဂါကူးစက်မှု လျှော့ချနိုင်ရန် နေအိမ်ပတ်ဝန်းကျင်သန့်ရှင်းမှု ဂရုပြုရန်နှင့် ခြင်ထောင်ဖြင့် အိပ်စက်ရန် အရေးကြီးကြောင်း တိုက်တွန်းထားသည်။

(MNHC) မှ ယခင်နှစ်များအတွင်း ဒေသခံများအတွက် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်မှုဆိုင်ရာ ဆေးဝါးများ၊ ခြင်ထောင်များနှင့် ခြင်နှိမ်နင်းဆေးများကို လုံလောက်စွာ ထောက်ပံ့နိုင်ခဲ့သော်လည်း၊ ယခုနှစ်အတွင်း နိုင်ငံတကာအထောက်အပံ့ ရရှိမှုအခက်အခဲကြောင့် ထိထိရောက်ရောက်မလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်ပတ်လုံးတွင် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း ငှက်ဖျားပိုးတွေ့လူနာ စုစုပေါင်း ၄,၁၅၆ ဦး ရှိခဲ့ပြီး၊ မေလနှင့် ဇူလိုင်အတွင်း အများဆုံးဖြစ်ပွားခဲ့သည်။

Photo - MNHC

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...