ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပါတယ်။
လက်ရှိအချိန်ထိ ဗန်းမော်မြို့အတွင်းက အမြောက်တပ် အမတ ၃၆၆ နဲ့ လေယာဉ်ကွင်း နေရာတွေသာမက မြို့၊ ရွာတွေအထိပါ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဩဂုတ်လ ၂၄ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံမှာ ဖော်ပြထားတာပါ။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လက်နက်ကြီး/ငယ် မျိုးစုံအပြင် ဝေဟင်၊ မြေပြင်ကနေပါ လူအင်အား အများအပြားနဲ့ တိုက်ခိုက်နေတဲ့အတွက် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ ထပ်မံဖော်ပြထားတာပါ။
KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဩဂုတ်လ ၁၇ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံမှာတော့ ဗန်းမော်မြို့ဘက် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး/ငယ်တွေနဲ့ နေ့တိုင်း ပစ်ခတ်တိုက်ခိုက်တာရှိပြီး တစ်ပတ်အတွင်း စစ်ကောင်စီဘက်က လေယာဉ်ဗုံး အကြိမ် ၅၀၊ ဒရုန်းဗုံး ၃၂ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၄၁၇ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တစ်ဆက်တည်းမှာပဲ KIA ဘက်က ဩဂုတ်လ ဒုတိယအပတ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်း ၆ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထပ်မံ ဖော်ပြထားပါတယ်။
အမြောက်တပ် အမတ ၃၆၆ တပ်စခန်းကို စစ်ကော်မရှင်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် KIA ကနေ တစ်ဖန် ပြန်လည်ရရှိပြီဆိုတဲ့ သတင်းဟာလည်း သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရပါတယ်။
ဗန်းမော်မြို့ဘက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လတ်တလောမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဘက်က တပ်စခန်း ထပ်မံသိမ်းပိုက်တာမရှိသလို လက်လွှတ်လိုက်ရတဲ့ တပ်စခန်းလည်း မရှိဘူးလို့ (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဩဂုတ်လ ၂၁ ရက်နေ့က ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကနေစပြီး မန္တလေးကနေ ကချင်ပြည်နယ်ဘက် ရေယာဉ် သင်္ဘောနဲ့ စစ်အင်အားဖြည့်တင်း တက်လာတဲ့ စစ်ကောင်စီတပ်တွေ ဩဂုတ်လ ၁ ရက်နေ့က ဗန်းမော်မြို့ဘက် ဝင်ရောက်လာပါတယ်။
အဲဒီနောက်ပိုင်း စစ်ကော်မရှင်ဘက်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းဗုံးတွေ အသုံးပြုပြီး အပြင်းအထန် ပစ်တိုက်ခိုက်နေပြီးတော့ တိုက်ပွဲအခြေအနေ ပြန်လည်ပြင်းထန်လာတာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ပြီးထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ကာလဟာ ၈ လ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ဗန်းမော်မြို့တွင်းက စစ်ကောင်စီတပ်တွေကို KIA ၊PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ ထိုးစစ်ဆင်တဲ့နေ့ကစပြီး တိုက်ပွဲကာလ ၅ လကျော်အကြာ မေလ ၂၀ ရက်နေ့မှာတော့ ဗန်းမော်မြို့ဘက် စစ်အင်အား၊ စစ်လက်နက် သယ်ယူပို့ဆောင်ပေးတဲ့ ရဟတ်ယာဉ်သုံးစင်းထဲက နှစ်စင်းကို KIA တပ်ပေါင်းစုကနေ ပစ်ချနိုင်ခဲ့ပါတယ်။
တိုက်ပွဲကာလ အချိန်ကြာမြင့်လာချိန် KIAတပ်ပေါင်းစုတွေကနေ ဗန်းမော် မြို့အလုံးစုံ သိမ်းပိုက်နိုင်ခြင်းတော့ မရှိသေးပေမဲ့ မြို့ရဲ့ နေရာအများစုကိုတော့ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေပါ။







