မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ခန့်ထားနို်င်ရေးအတွက် မန္တလေးခရိုင် ရွေးကောက်ပွဲ မရှင်အဖွဲ့ခွဲမှ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဇူလိုင် ၂၄ ရက်တွင် ညွှန်ကြားစာ ထုတ်ပေးမည်ဟုလည်း ဦးတင်မင်းအေးက ပြောသည်။
လက်ရှိ ကြေညာထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းနှင့် နောက်ထပ် အတိုးအလျော့ရှိမည့် မဲဆန္ဒရှင် စာရင်းများနှင့် လျာထားပြီး ကြိုတင်၍ မဲရုံအဖွဲ့ဝင်များ ဖွဲ့စည်းနိုင်စေရန် ယင်းကဲ့သို့ စာထုတ်ပေးခြင်း ဖြစ်သည်ဟုလည်း ဦးတင်မင်းအေးက ပြောသည်။
၎င်းက “မဲဆန္ဒရှင်တွေ အတိုးအလျော့ရှိအုံးမှာဖြစ်တဲ့အတွက် မဲရုံအဖွဲ့ဝင်အင်အား အတည်ဖြစ်ဖို့ လတ်တလော မလွယ်သေးပါဘူး”ဟု ဆိုသည်။
ထို့အပြင် အဆိုပါညွန်ကြားစာ၌ မဲရုံအဖွဲ့ဝင်များခန့်ထားရာတွင် ပါတီနိုင််ငံရေးကင်းရှင်းပြီး အများပြည်သူ ယုံကြည်လေးစားခြင်း ခံရသူများကို မဲရုံအဖွဲ့ဝင်များခန့် ထားရန်ပါ၀င်ကြောင်းလည်း ခရိုင်ကော်မရှင်ထံက သိရသည်။
ကြေညာပြီးသည့် အခြေခံမဲန္ဒရှင်စာရင်းတွင် မန္တလေးခရိုင်အနေဖြင့် မဲဆန္ဒရှင်ပေါင်း ၉၄၄,၀၀၀ ကျော် ရှိပြီး ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်ထားသည့် မဲရုံ စုစုပေါင်း ၆၃၈ ရုံ ရှိကြောင်း ခရိုင် ရွေးကောက်ပွဲမရှင်ထံက သိရသည်။ မဲရုံတစ်ရုံတွင် လူဦးရေ ၃၀၀ မှ ၃၀၀၀ အထိ မဲပေးနိုင်သည်။
ဦးတင်မင်းအေးက “တောင်းဆို၊ ပြင်ဆင် ကန့်ကွက်တာတွေကို ဖြည့်စွက်ပြီး ထပ်တိုးလာမည့် အင်အားကို မူတည်ပြီးတော့ မဲရုံတွေ ထပ်ပြီးတော့ တိုးချဲု့သွားဖို့ရှိပါတယ်”ဟု ပြောသည်။
မန္တလေးခရိုင်တွင် အောင်မြေသာစံ၊ ချမ်အေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ ပြည်ကြီး တံခွန်၊ အမရပူရမြို့နယ်များဖြင့် ခုနှစ်မြို့နယ် ဖွဲ့စည်းထားသည်။
အောင်မြေသာစံမြို့နယ်မှ ရွေးကောက်ပွဲဦးစီးအရာရှိ ဒေါ်နှင်းနှင်းက “နောက်ဆုံးမဲစာရင်းကြေညာတဲ့ အခါကျရင် ဘယ်မဲရုံတွေ ဘယ်သူတွေ ပါတယ်ဆိုတာ မဲရုံအလိုက်ခွဲပြီးတော့ ကြေညာပေးမှာပါရှင့်”ဟု ပြောသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပါတီများက ကိုယ်စားလှယ်လောင်း များအမည်စာရင်း တင်သွင်းရန် ဆောင်ရွက်နေပြီဖြစ်သည်။







