ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)ကို အလွယ်တကူထိုးစစ်ဆင်နိုင်ရန်အတွက် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီးနေသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ ဂုံးချွိန်တိုက်နယ်မှ လိပ်ခမော်ကျေးရွာ(ဟောင်း)/လိပ်ခမော်ကျေးရွာ(သစ်)၊ နှမ်းဖဲတောင်နှင့်အနီးတစ်ဝိုက် ကျေးရွာများ၊ သစ်ပုတ်တောင်တိုက်နယ်ရှိ ကပ်သပြေကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာအချို့တို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်ပေးပြီး လက်နက်ကြီးကျည်များဖြင့်လည်း ပစ်ခတ်နေခြင်းဖြစ်သည်ဟု ကျောက်ဖြူမှ မြေပြင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
အဆိုပါကျေးရွာများရှိ မသင်္ကာသည့်နေအိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် မီးရှို့ဖျက်ဆီး နေသည်ဟုလည်း ဆိုသည်။
"သူတို့ အဓိကပစ်မှတ်ထားပြီးလုပ်နေတာက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ အဆောက်အအုံတွေ။ သူတို့ရွာထဲကိုမဝင်ခင် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်တယ်။ ပြီးမှ ရွာထဲကိုဝင်ပြီး မသင်္ကာတဲ့အိမ်တွေကို ဖျက်ဆီးတယ်။ သူတို့စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၁၀၀ ကျော်၊ ၂၀၀ လောက်ပါတယ်။ မီးရှို့တယ်။ အဲဒီရွာတွေမှာ လူတွေတော့ မနေတော့ဘူး" ဟု ပြောသည်။
ယင်းအပြင် စစ်ဘေးမရှောင်ဘဲ ကျန်ရစ်ခဲ့သည့် ဒေသခံအချို့ ကျွဲ၊ နွားများကျောင်းနေလျှင်လည်း စစ်ကောင်စီဖက်မှ ဒရုန်းဖြင့် ပစ်ခတ်မှုရှိသဖြင့် ဒေသခံများအခက်အခဲဖြစ်နေရသည်ဟု စစ်ရှောင်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တချို့က စစ်ဘေးမရှောင်ဘဲ ရွာတွေမှာ ကျွဲ၊ နွားတွေကို စောင့်ရှောက်ဖို့နေခဲ့တာတွေရှိတယ်။ သူတို့တွေ အပြင်ထွက် ကျွဲကျောင်း၊ နွားကျောင်းသွားရင်လည်း ဒရုန်းနဲ့လိုက်ပစ်တယ်။ ဒေသခံတွေ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး"ဟု ပြောသည်။
ယခုကဲ့သို့ ကျေးရွာများနှင့် ဒေသခံများအား စစ်ကောင်စီက ဒရုန်းဖြင့်ပစ်ခတ်ရာတွင် တရုတ်နည်းပညာရှင်များက စစ်ကောင်စီကို နည်းပညာပိုင်းဆိုင်ရာ အဓိက ပံ့ပိုးကူညီပေးနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
အဆိုပါသတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး နိရဉ္စရာက သီးခြားအတည်ပြု၍ မရသေးပါ။
ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ ဝါခေါင်လပြည့်နေ့ ညဉ့် ၁၁ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းဆောင်အပါအဝင် ဓမ္မာရုံနှင့် ကျေးရွာစာသင်ကျောင်းသို့ ကျရောက် ပေါက်ကွဲ ပျက်စီးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃၀ ရက်နေ့ ကလည်း ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းဆောင်၊ ဘုန်းကြီးကျောင်းသိမ်အပါအဝင် ဓမ္မာရုံခေါင်မိုးနှင့် နံရံတချို့ ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၃ ရက်နေ့လည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီးကျောင်းနှင့် ကုလဘာရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သက်တော် ၉၃ နှစ်အရွယ် ဆရာတော်ကြီးတပါးနှင့် ရွာသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီစစ်ကြောင်းများသည် သြဂုတ်လ ၇ ရက်နေ့က ပြိုင်းစေ့ကေဖက်မှ ပြင်ရှည်၊ လိပ်ခမော်ရွာ၊ မင်းတက်တောင်အထိ ထိုးစစ်တက်ပြီး AA ကို တိုက်ခိုက်ရန်တက်လာခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့အထိ ပစ်ခတ်မှုရှိနေသေးကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ငါးလကျော်၊ ခြောက်လနီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ကျောက်ဖြူကို မသိမ်းပိုက်နိုင်သေးသည်မှာ တရုတ်အစိုးရက ကြားဝင်ဟန့်တားနေ၍ အချိန်ကြန့်ကြာနေခြင်းမျိုးလားဟုလည်း ဒေသခံများအကြား သုံးသပ်ပြောဆိုနေကြသည်။
မကြာသေးမီရက်ပိုင်း သြဂုတ်လ ၁၁ ရက်က ကျင်းပသည့် ULA/AA ၏ (၁ဝ)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်လည်း ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကိစ္စနှင့်ပတ်သက်သည့်မေးခွန်းများကို သတင်းထောက်အများစုက ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခအား မေးမြန်းခဲ့ကြသည်။
ဦးခိုင်သုခက ဖြေကြားခဲ့ရာတွင်မူ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကိစ္စမှာ စစ်ဖက်ရေးရာ ကိစ္စရပ်ဖြစ်သည့်အတွက် ဖြေကြားလိုခြင်းမရှိသော်လည်း ရက္ခိတလမ်းစဉ်အတိုင်း ဂိတ်ဆုံးသို့ရောက်ရှိအောင် ဆက်လက်ချီတက်သွားမည်ဟု ပြောဆိုသွားခဲ့သည်။
“ဒီနေ့အချိန်မှာလည်း အာရက္ခပြည်ရဲ့ ၉၀ ရာနှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ပြီး မိမိတို့ ချမှတ်ထားတဲ့ ပန်းတိုင်ကို၊ မိမိတို့ ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်နဲ့ ကျနော်တို့ ဂိတ်ဆုံး ရောက်အောင်အထိ ဆက်လက်ချီတက်သွားဖို့ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
ကျောက်ဖြူမြို့နယ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိသည့်မြို့နယ်ဖြစ်ပြီး နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီဝင်နေသည့်ဒေသဖြစ်သည့်အတွက် AA ထံ မကျဆုံးရန် စစ်ကောင်စီက အပြင်းအထန် ခုခံနေရသည်ဟုလည်း သိရသည်။







