လူငယ် ၁၁ ဦးကို စစ်မှုထမ်းရန် ထားဝယ်တွင် ဖမ်းဆီးခေါ်ဆောင်

လူငယ် ၁၁ ဦးကို စစ်မှုထမ်းရန် ထားဝယ်တွင် ဖမ်းဆီးခေါ်ဆောင်

ထားဝယ်တွင် စစ်မှုထမ်းအတွက် လူငယ် ၁၁ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည်ဟု နီးစပ်သူများက ပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်းက လူငယ် ၁၁ ဦးကျော်ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

သြဂုတ်လ ၄ ရက်နေ့၊ ညက ရှမ္မလည်ဆွဲရပ်ကွက်မှ လူငယ် ၅ ဦး၊ တလိုင်းထိန်ရပ်ကွက်မှ လူငယ် ၁ ဦး၊ ဥဿရံရပ်ကွက်မှ လူငယ် ၅ ဦးတို့ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ရှမ္မလည်ဆွဲရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “သူတို့က အိမ် တစ်အိမ်ချင်းစီ ကို ဝင်စစ်တယ်။ နာမည်ပါတဲ့ လူတွေ့တာနဲ့ စစ်မှုထမ်း ဆင့်ခေါ်စာ တခါတည်း ပေးပြီး ခေါ်သွားတာ၊ ဘာမှ အကြောင်းပြလို့ မရဘူး” ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက အမည်စာရင်း အတိအကျဖြင့် နေအိမ်များအထိ လာရောက်ပြီး ဖမ်းဆီးခေါ် ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ယခု ၁၁ ယောက် ဖမ်းဆီးခံရမှုထဲတွင် စစ်မှုထမ်း ဥပဒေအရ အသက် အကျုံးမဝင်တော့သည့် ဥဿရံရပ်ကွက်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပါဝင်နေသည်ဟု ဆိုသည်။

ထားဝယ်မြို့ရှိ လူငယ်များကို စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးသည့်နောက် လူငယ်အများအပြားမှာ ထွက်ပြေး တိမ်းရှောင်သွားကြသဖြင့် ယခုကဲ့သို့ ဦးစွာဖမ်းဆီးပြီးမှသာ စစ်မှုထမ်းရမည်ဟုဆိုကာ မိသားစုဝင်များထံသို့ ဆင့်ခေါ်စာ ထုတ်ပြန်ခြင်း၊ ပေးပို့ခြင်းများ ရှိလာနေသည်ဟု မြို့ခံများက ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူအများစုမှာ အသက် ၂၀ မှ အသက် ၂၅ နှစ်အကြားရှိ လူငယ်အမျိုးသားများဖြစ်ကြပြီး ဧည့်စာရင်းဖြင့် နေထိုင်သူများ မဟုတ်ဘဲ ထားဝယ်မြို့ အိမ်ထောင်စု စာရင်းဖြင့် နေထိုင်သူများ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်မှုထမ်းအတွက် အဓမ္မ ဖမ်းဆီး စုဆောင်းထားသူများကို ထားဝယ်မြို့ သပြေချောင်းတပ်နယ်ရှိ အမှတ် ၄၀၁ ခြေလျင်တပ်ရင်းတွင် စုဆောင်းထားသည်ဟု ဆိုသည်။

ထိုမှတစ်ဆင့် ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ရေလမ်းခရီးမှ ပို့ဆောင်ပေးလျက် ရှိသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...