တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသိမ်းပိုက်ထားသည့် မြို့နယ်များအပါအဝင် နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ၊လုံ) က ဇူလိုင် ၃၁ တွင် ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာကြောင်း ထုတ်ပြန်သည်။
လက်နက်ကိုင်တိုက်ခိုက်မှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၄၁၂ (က)အရ အရေးပေါ်အခြေအနေ ကြေညာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
စစ်အုပ်စု အရေးပေါ်သတ်မှတ်သည့် မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်များ၊ ကရင်နီ(ကယား)ပြည်နယ်တွင် ရှားတော၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များ၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ဖြစ်သည်။
ချင်းပြည်နယ်တွင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်များ၊ စစ်ကိုင်းတိုင်းတွင် ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ပုလဲနှင့် အင်းတော်မြို့နယ်များ၊ မကွေးတိုင်းတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်များပါဝင်သည်။
မန္တလေးတိုင်းတွင် မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်၊ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်များ၊ ရှမ်းပြည်နယ်တွင် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလားမြို့နယ်များဖြစ်သည်။
လက်ရှိ စစ်အုပ်စု အရေးပေါ်ကြေညာသည့် မြို့နယ်များတွင် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တို့အပါအဝင် စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည့်အဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ်များအပြင် တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် ကိုးကန့်တပ် (MNDAA)ထိန်းချုပ်နယ်မြေများလည်း ပါဝင်လျက်ရှိသည်။
အဆိုပါ မြို့နယ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အား အပ်နှင်းလိုက်ပြီး တပ်ချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တဦးဦးကို ကျင့်သုံးဆောင်ရွက် စေခြင်းပြုနိုင်ကြောင်းလည်း ကာ၊လုံက ထုတ်ပြန်ခဲ့သည်။
ထိုမှတဆင့် တပ်ချုပ်က မြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများသို့ ထပ်မံ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် တိုင်းမှူးများအနေဖြင့် အချိန်နှင့် တပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများပေါ်တူတည်၍ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်ကြောင်း စစ်အုပ်စုက ဆိုထားသည်။







