CNO နဲ့ CNF တို့အကြား မီဇိုရမ်အစိုးရက စေ့စပ်ညှိနှိုင်းပေးနေတယ်လို့ CNF ဆို

CNO နဲ့ CNF တို့အကြား မီဇိုရမ်အစိုးရက စေ့စပ်ညှိနှိုင်းပေးနေတယ်လို့ CNF ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂ ဖက်တင်းမာမှုတွေဖြစ်ပွါးနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား မီဇိုရမ်အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းပေးပြီး CNF/CNA အနေနဲ့လည်း သူတို့သဘောထားကို မီဇိုရမ်ပြည်နယ်အစိုးရထံ တင်ပြထားတယ်လို့ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “လက်ရှိဖလမ်းမြို့နယ် မှာ ကျနော်တို့ဘက်က တပ်စွဲထားတာ အသေးစိပ်တော့မသိဘူးပေါ့။ ရှိရင်လည်း ယာယီပဲဖြစ်မှာပါ။ အားလုံးက ပွင့်ပွင့်လင်းလင်း ညှိချင်တာပါပဲ။ တော်လှန်ရေးကာလမှာ တဖွဲ့နဲ့ တဖွဲ့ အငြင်းမပွားဖို့ပဲ လိုချင်တယ်။ စောကတည်းက ကျနော်တို့က နဂိုအတိုင်းပဲ နေကြပါလို့ပြောပြီးသားလေ။ မီဇိုရမ်အစိုးရက စေ့စပ်ကြားဝင်တယ်ပေါ့။ ကျနော်တို့ သဘောထားတွေကို မီဇိုရမ်အစိုးရထံ တင်ပြထားတယ်။ ယခုလို နှစ်ဖက် မပြေလည်မှုတွေ ရှိနေချိန်မှာတော့ ဖြစ်တတ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးတော့ နဂိုအတိုင်း ဖြစ်အောင်ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရရဲ့ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနဲ့ပတ်သက်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ကို ဆက်သွယ် မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ဖလမ်းမြို့နယ်မှာ ဇူလိုင်လအစပိုင်းက ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ဖြစ်ပွါးခဲ့တဲ့ စစ်ရေးတင်းမာမှုဟာ HPO/CDF Hualngoram နဲ့ CNO/CNDF တို့ဟာ အရင်ကတည်းက တဖက်နဲ့ တဖက် နယ်မြေအငြင်းပွါးမှုတွေ ရှိခဲ့ကာ အခုလို စစ်ရေးတင်းမာမှု ဖြစ်လာပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်လာတာဖြစ်ပါတယ်။

ဖလမ်းဒေသခံတစ်ဦးက “နဂိုကတည်းက အစေးမကပ်တဲ့ အခြေအနေတွေကြားထဲမှာ CNF ကလည်း ပါဝင်လာတော့ အခြေအနေတွေ ပိုရှုပ်ထွေးကုန်လာတယ်။ CNO စစ်ဌာနချုပ်နဲ့ ခလရ ၂၆၈ ဖလမ်းက သိမ်းထားတဲ့ အမြှောက်ကိုလည်း တဖက်က သိမ်းယူသွားတယ်ဆိုတာမျိုးလည်း ပြောကြတော့ ချင်းပဋိပက္ခက ပိုမိုရှုပ်ထွေးနက်ရှိုင်းလာတယ်။ တော်လှန်ရေးရဲ့ ပုံရိပ်၊ချင်းအတွက် ထိုးနှက်စရာပဲ။ မီဇိုရမ်အစိုးရတင်မကပဲ ချင်းခရစ်ယာန်အဖွဲ့တွေကိုလည်း စေ့စပ်သူအနေနဲ့ ပိုမိုပါဝင်စေလိုပါတယ်” လို့ ပြောပါတယ်။

ဖလမ်းမြို့နယ် အိန္ဒိယ - မြန်မာနယ်စပ်က ရိခေါဒါရ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကစလို့ Chinland Council အဖွဲ့ဝင် HPO / CDF – Hualngoram တပ်ဖွဲ့ နဲ့ ချင်းညီနောင်အဖွဲ့ဝင် CNO/CNDF တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး HPO / CDF – Hualngoram ထိန်းချုပ်ထားတဲ့ ရိခေါဒါရ်မြို့ကို ဇူလိုင်လ ၅ ရက်နေ့မှာ CNO/ CNDF က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် CNF/CNA ဘက်ကလည်း ဖလမ်းမြို့နယ်က CNO/ CNDF ဌာနချုပ်နဲ့ဂိတ်တွေကို ပြန်သိမ်းခဲ့ကာ စစ်ရေးတင်းမာမှုတွေဖြစ်ပွါးခဲ့ပြီး CNO / CNDF က ရိခေါဒါရ်မြို့ကနေ ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက်ပိုင်း ၂ ဖက်အကြား စစ်ရေးပဋိပက္ခတွေ ပြန်လည် ပြေလျောသွားခဲ့ပါတယ်။

March 9, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ ( Lunghawh ) ကျေးရွာကို စစ်ကော်မရှင်က မနေ့ မတ်လ ၈ ရက်နေ့က...
March 9, 2026
In Hakha and Tedim towns in northern Chin State, fuel prices have remained stable, but sellers...
March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...
March 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y...