အချိန်တိုင်းလိုလို ဒေါ်အေးမြာရဲ့ အတွေးထဲမှာ စကားလုံးတခုရှိနေပါတယ်။ အဲဒါကတော့ ‘ထာဝရ ဘုရားသခင် သည် မြေမှုန့်ဖြင့်လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။’ ဆိုတဲ့ ခရစ်ယာန်တို့ရဲ့ သမ္မာကျမ်းစာအုပ်ထဲက ကမ္ဘာဦးကျမ်း ၂ : ၇ ကျမ်းပိုဒ်ပါ။
ဒီကျမ်းပိုဒ်ကို ဒေါ်အေးမြာတယောက် ကယားဘာသာစကားနဲ့ တရက်ကို အနည်းဆုံး ဆယ်ခေါက်ရွတ် ဆိုလေ့ ရှိပါတယ်။ ဒီကျမ်းပိုဒ်ကို ရွက်ဆိုပြီးတိုင်းမှာ အသက်တာအတွက် သူမ ကိုးကွယ်ယုံကြည်တဲ့ ဘုရားသခင်ဆီကနေ ခွန်အားတွေ ရရှိနေတယ်လို့လည်း ယုံကြည်နေသူပါ။
ဒါ့အပြင် ဒီကျမ်းပိုဒ်ဟာ လည်ပင်းကင်ဆာရောဂါကို ခံစားနေရတဲ့ သူမအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြည့်စွမ်းပေးနေတယ်လို့လည်း ဆိုပါတယ်။
ဒီလိုယုံကြည်မှုတွေကြောင့်ပဲလို့ ဆိုရမလား ဒေါ်အေးမြာတယောက် အသက်အန္တရယ်ရှိနေတဲ့ လည်ပင်း ကင်ဆာရောဂါနဲ့ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး သာမန်သူလိုပဲ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပါတယ်။
“သတိရတာနဲ့ ဒီကျမ်းပုဒ်ကိုပဲ ဆိုတယ်။ ဒီကျမ်းပုဒ်နဲ့ပဲ ခွန်အားယူတယ်” လို့ ဒေါ်အေးမြာက ပြောပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ကတည်းက ဒေါ်အေးမြာတယောက် ဒီကျမ်းပိုဒ်ရွတ်ဆိုလာတာ အခုချိန်ထိပါပဲ။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အေးမြာတယောက် လည်ပင်းကင်ဆာကို စတင်ခံစားခဲ့ရပါတယ်။
“ကင်ဆာ” ဆိုတဲ့စကားလုံးက နှစ်လုံးထဲဆိုပေမဲ့ ဘယ်ကင်ဆာ ရောဂါအမျိုးအစားမဆို လူသားတွေရဲ့ မြောက်များစွာသော အသက်ကို နုတ်ယူနေပါတယ်။ ဒါကြောင့်လည်း အင်မတန်ကြောက်စရာ ကောင်းတဲ့ ရောဂါတမျိုး ဖြစ်နေပါတယ်။
ဒေါ်အေးမြာ ကင်ဆာရောဂါခံစားလာရတဲ့ ဒီဆယ်နှစ်အတွင်းမှာ ကင်ဆာကုထုံးအတွက် နှစ်နှစ်တာ ဆေးကုသမှု ခံယူနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ စတင် ကုသရတဲ့ သူမရဲ့ ကင်ဆာကုထုံးဟာ ၂၀၁၇ ခုနှစ်မှာမှ ဆေးကုသမှု ပြီးဆုံးခဲ့တာပါ။
ငွေရေးကြေးရေး အကျပ်အတည်း အပါအဝင် ကင်ဆာဓာတ်ရောင်ခြည်ကုသမှု ခံယူရတဲ့အတွက် ခန္ဓာကိုယ် မခံနိုင်တဲ့အခါ ဒေါ်အေးမြာတယောက် သေမင်းခံတွင်းဝကို ရောက်နေရသလိုပါပဲ။
ဓာတ်ရောင်ခြည် ကုသမှုခံယူတဲ့အတောအတွင်း ဒေါ်အေးမြာတယောက် ထမင်း လေးလ မစားခဲ့ရပါဘူး။ အဲဒီအချိန်တုန်းက သူမရဲ့ ခန္ဓာကိုယ်ဟာ အရိုးပေါ် အရည်တင်ပဲကျန်ပါတော့တယ်။ လမ်းကောင်းကောင်း မလျှောက်နိုင်တော့သလို အိမ်ပေါ်ရောက်ဖို့ သူတပါးနဲ့ ပွေ့ချီမှ ရောက်တဲ့ဘဝ ဖြစ်ခဲ့ပါတယ်။
“ကျမ အရမ်းနာကျင်လို့ ခံစားရတဲ့အချိန်မျိုးမှာဆို ကျမကို လာကြည့်ကြတဲ့သူတွေဆို ငိုကြတယ်လေ။ ကျမက မျက်ရည်တစက်မှ အကျမခံဘူး။ ဆေးတခါထိုးပြီးရင် ဘာမှမသိတော့ဘူး အဲလိုပဲ မှေးနေလိုက်တယ်” လို ဒေါ်အေးမြာက ပြောပါတယ်။
သူမ နေထိုင်တဲ့ ဒီမော့ဆို အနောက်ဘက်ခြမ်းကနေ တောင်ကြီးမြို့အထိ ဆေးကုသခံယူခဲ့ရတာပါ။ ရက်ချိန်းရှိတဲ့ အချိန်မျိုးတွေမှာဆို လူနာစောင့်မပါဘဲ လိုင်းကားနဲ့ တောင်ကြီးကနေ လွိုင်ကော်ကို နေ့ချင်းပြန် လာခဲ့တဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။
သူမ ကင်ဆာဝေဒနာကို ခံစားနေချိန်မှာပဲ ဆယ်နှစ်အရွယ် သားငယ်လေးကလည်း နှလုံး၊ လေးဖက်နာ ခံစားနေရပါတယ်။ ဒေါ်အေးမြာနဲ့ သားငယ်လေးတို့အတွက် ကုန်ကျတဲ့ ဆေးကုစရိတ်ကလည်း ပဋိပက္ခကာလ စစ်ရှောင်နေရသူတွေအဖို့ မနည်းလှပါဘူး။
နောက်ဆုံးတော့လည်း ရောဂါကို မလွန်ဆန်နိုင်လို့ သူမရဲ့မျက်စိရှေ့မှာပဲ သေဆုံးခဲ့ရပါတယ်။
“စိတ်ပိုင်းဆိုင်ရာကို အထိခိုက်မခံဘူး။ ဘာလို့လဲ့ဆိုတော့ ကျမသားလေးလည်း ဖျားတယ်လေ။ စိတ်ဓာတ် ကျမယ်ဆိုရင် ငါ့သားသမီးတွေကို ဘယ်သူစောင့်ရှောက်မလဲ အဲလိုစိတ် မွေးတယ်။ သားလေးလည်း အသက်ဆုံးရှုံးသွားတော့ အရမ်းခံစားရတယ်။ ဒါပေမဲ့ အဲလိုသာ စိတ်ဓာတ်ကျမယ်ဆိုရင် ကျန်ခဲ့တဲ့ သမီးလေးကို ဘယ်သူက ကြည့်မလဲ။ သူ့ပညာရေးကို ဘယ်သူ ထောက်ပံ့မလဲ။ ဘယ်သူက သူ့ကိုကြည့်မရလဲ ဆိုတဲ့စိတ်တခုနဲ့ပဲ အားပြန်တင်းနေရတယ်” လို့ ဒေါ်အေးမြာ ပြန်ပြောပြနေပါတယ်။
ဒါပေမဲ့ ဒေါ်အေးမြာတယောက် သူမယုံကြည်တဲ့ ကျမ်းပိုဒ်ကို ရွတ်ဆိုပြီး ရတဲ့ခွန်အားနဲ့ အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲ တိုက်ပွဲတွေကြောင့် ဒေါ်အေးမြာတို့မိသားစုဟာ ရှမ်းပြည်တောင်ပိုင်းကို ပြောင်းရွေ့နေထိုင်ရာကနေ အခုတော့ ဒေါ်အေးမြာဟာ စစ်ရှောင်စခန်းမှာ နေထိုင်ပြီး သာမာန်လူတယောက်လိုပဲ နေ့စဉ် နေ့စားအလုပ် လုပ်ကိုင်ခဲ့ရပါတယ်။
“စစ်ရှောင်တုန်းက နေ့တိုင်းနေ့စားအငှားလိုက်တာလေ။ ဘာမှတော့မဖြစ်ဘူး။ သူများတွေက ကျမ အဲလိုလုပ်နိုင်တာကို အံ့ဩကြတယ်။ သူများလိုထမင်းလည်း များများမစားနိုင်ဘူး။ ဖြည်းဖြည်း ချင်းပဲ စားရတယ်။ မျိုချရ မလွယ်ကူဘူးလေ။ သူများလို အားရပါးရစားချင်ပေမဲ့ အစာအိမ်က လက်မခံဘူးကော။ သွားရည်စာ
ကိုတော့ အမြဲတမ်းတောင့်တတယ်။ မဝယ်စားနိုင်တဲ့အခါ မျိုးဆို ခြံထဲက အသီးတွေ ရှာစားလိုက်တယ် အဲလိုပေါ့” လို့ ဒေါ်အေးမြာ ပြောပါတယ်။
ကင်ဆာကုထုံးခံယူတဲ့အချိန်တုန်းက ထမင်း လေးလ မစားလိုက်ရတဲ့ ဒေါ်အေးမြာတယောက် လက်ရှိအချိန်ထိ ထမင်းကို ဖြည်းဖြည်းခြင်း စားရပါတယ်။ ဒါတွေအပြင် ရှောင်ကြဉ်ရတဲ့ အစားသောက်တွေလည်း ရှိနေပါတယ်။
လက်ရှိ ဒေါ်အေးမြာဟာ သူမနေထိုင်တဲ့ဇာတိရွာကို ပြန်ရောက်ပြီ ဖြစ်တာကြောင့် စစ်ရှောင်တုန်းကလောက် မပင်ပန်းတော့ဘူးလို့ ဆိုပါတယ်။ သူမရဲ့ ကင်ဆာရောဂါကလည်း ပျောက်ကင်းသွားပြီ ဖြစ်တာကြောင့် အိမ်အလုပ်တွေနဲ့ နေ့စဉ် တနေ့တာကို ကုန်ဆုံးနေပါတော့တယ်။
ကင်ဆာရောဂါအတွက် ဆေးဝါးတွေ သောက်သုံးစရာမလိုတော့ပေမဲ့ ကိုယ်ခံအားအတွက် အားဆေးတွေ ကိုတော့ အမြဲမှီဝဲနေရတာပါ။
“ရတဲ့ပိုက်ဆံနဲ့ အားဆေးဝယ်သောက် အဲလိုပဲ လုပ်ရတာပေါ့” လို့ ဒေါ်အေးမြာက ပြောပါတယ်။
ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ယုံကြည်မှုတခုတည်းနဲ့ အရာအားလုံးကို ကျော်လွှားနိုင်တယ်ဆိုတာ ဒေါ်အေးမြာက ကိုယ်တိုင် သက်သေပြသခဲ့ပါပြီ။ လက်ရှိမှာလည်း သူမကျန်ရှိနေသမျှ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီဖြစ်ပါတယ်။
ဒေါ်အေးမြာရဲ့ ယုံကြည်ချက်ကလည်း ဆက်လက်ရှင်သန်နေအုံးမှာပါပဲ။
“အခုထိအသက်ရှင်တာလည်း ဘုရားသခင်က အလိုတော်ရှိသေးလို့ပေါ့။ ကျမဒီကျမ်းပိုဒ်ကို ရွတ်ဆိုလို့ ကျမဒီနေ့ထိ အသက်ရှင်ခွင့်ရတယ်တယ်လို့ ကိုယ့်ကိုယ်တော့ ယုံကြည်တယ်” လို့ ဒေါ်အေးမြာက ပြောဆိုသွားပါတယ်။






