ခမ်းပတ်မြို့တွင် ၂ နှစ်နီးပါးပိတ်ထားသော ဖုန်းလိုင်းများ အချိန်ပိုင်းဖြင့် ပြန်ဖွင့်ပေး

ခမ်းပတ်မြို့တွင် ၂ နှစ်နီးပါးပိတ်ထားသော ဖုန်းလိုင်းများ အချိန်ပိုင်းဖြင့် ပြန်ဖွင့်ပေး

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့တွင် ၂ နှစ်နီးပါး ပိတ်ထားခဲ့သည့် (Ooredoo) အူရီဒူးဖုန်းလိုင်းများကို ဇူလိုင်လအတွင်း စစ်ကောင်စီက အချိန်ပိုင်းဖြင့် ပြန်လည်ဖွင့်ပေးကြောင်း သိရသည်။

ခမ်းပတ်မြို့ကအမျိုးသားတဦးက “အူရီဒူးကပဲ ပြန်ဖွင့်တယ်။ အဲ့တာပဲ ဖုန်းပြောသုံးနေကြတာ။ ခမ်းပတ်အပြင် ကာနန်၊ တခြားနေရာတွေလဲ ဖုန်းခေါ်လို့ရပြီ။ အင်တာနက် ဒီဖက်မှာ စတားလင့်ပဲသုံးတာ။ မြို့တွင်းကတော့ ကောင်းပါတယ် ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကလေး-တမူး ကားလမ်းပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့က စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီသည် ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ခမ်းပတ်မြို့ပေါ်တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည့် တနှစ်ကျော်အချိန်တွင် မြို့ခံပြည်သူများသည် အိန္ဒိယ Sim Card နှင့် Starlink (စတားလင့် (လ်) အင်တာနက်များကိုသာ အဓိက အားထားနေကြရပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ခမ်းပတ်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

”ဖုန်းလိုင်းကပြန်တော့ရပြီ ဖုန်းလိုင်းရတာ အိမ်မက်နေသလားလို့ ထင်နေတာလေ။ ဒါပေမယ့် ဒီလိုမျိုး ဆက်တိုက် ရတာမျိုးမဟုတ်ဘူး။ ညနေပိုင်းပိတ်ရင် မနက်ပိုင်းရတယ်။ တခါတလေ ရလိုက် မရလိုက်ပါပဲ အချိန်ပိုင်းပုံစံ လိုမျိုးပဲ။ ဘာဖုန်းလိုင်းမှ မရတုန်းကဆို တော်တော်ခက်ခဲတယ်။ လိုင်းသုံးချင်ရင် ၁ နာရီ လောက်ဝေးတဲ့နေရာကိုသွားပြီး စတားလင့်သွားသုံးရတယ်။၊ အခုက ဒေတာမရရင်တောင်မှ ဖုန်းပြောလို့ရတော့ မရတာထက်စာရင်တော့ ကောင်းတယ်ပြောရမှာ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် (Ooredoo) အူရီဒူးဖုန်းလိုင်းတစ်ခုသာ အသုံးပြုနိုင်ပြီး မိုဘိုင်းဒေတာ၊ Wifi အင်တာနက်နှင့် MPT၊ Atom ဖုန်းလိုင်းများကိုပါ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ခမ်းပတ်မြို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြပြီး လက်ရှိအထိ တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားဆဲဖြစ်သည်။

Most read this week

August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
August 4, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင်...
July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...